News

POST TAGGED AS

စင်ကာပူ

ပါတီစုံဒီမိုကရေစီစနစ်မှလွဲ၍ အခြားရွေးချယ်စရာမရှိဟု အီသီယိုးပီးယား ဝန်ကြီးချုပ် ကြေညာ


အက်ဒစ်အာဘာဘာ၊ ဇူလိုင် ၂၃

အီသီယိုးပီးယားနိုင်ငံအနေနှင့် တရားဥပဒေကို လေးစားလိုက်နာသည့် ခိုင်မာသော အင်စတီကျူးရှင်းများ တည်ထောင်ပြီး ကြီးကျယ်ခမ်းနားသည့် ဒီမိုကရေစီစနစ်ကို မဖြစ်မနေထူထောင်သွားရမည်ဖြစ်သည်ဟု ဝန်ကြီးချုပ် အဘီအာမက်က ပြောကြားလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

နှစ်ပေါင်း ၂၇ နှစ်ကျော်ခန့် ညွန့်ပေါင်းဖွဲ့တည်မှုဖြင့် အုပ်ချုပ်ခံခဲ့ရသော အီသီယိုးပီးယားနိုင်ငံနှင့် ပါတီစုံဒီမိုကရေစီ စနစ်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ဟု ဝန်ကြီးချုပ် အဘီအာမက်က တနင်္ဂနွေနေ့က ပြောကြားသည်။ ဝန်ကြီးချုပ်၏ ပြောကြားချက်ကို ၎င်း၏ ဝန်ကြီးချုပ်ရုံး ဝန်ကြီးက Twitter မှတစ်ဆင့် ပြန်လည်ဖော်ပြခြင်းဖြစ်ပြီး ယင်းမှတ်ချက်စကားကို ပါတီ၊ နိုင်ငံရေးနှင့် လူမျိုးရေးခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

အီသီယိုးပီးယားနိုင်ငံတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြင်ဆင်ပေးရန် နိုင်ငံရေးပါတီများသာမက လူမျိုးရေးခေါင်းဆောင်များကပါ တောင်းဆိုလျက်ရှိကြသည်။ 

“ကျွန်တော်တို့ရဲ့ လက်တလော နိုင်ငံရေးအနေအထားအရ ကျွန်တော်တို့ မှာ ပါတီစုံဒီမိုကရေစီစနစ်ကလွဲပြီး အခြားရွေးချယ်စရာမရှိဘူး။ ခိုင်မာတောင့်တင်းမှုရှိပြီး လူ့အခွင့်အရေးနဲ့ တရားဥပဒေကို လေးစားလိုက်နာမှုရှိတဲ့ အင်စတီကျူးရှင်းတွေက ပံ့ပိုးပေးထားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုပဲ မဖြစ်မနေ ရွေးချယ်ရမှာပဲ” ဟု ဝန်ကြီးချုပ်က ဆိုသည်။ 

အီသီယိုးပီးယားနိုင်ငံသည် ၁၉၉၁ ခုနှစ်မှ စတင်ကာ တစ်ခုတည်းသော ညွန့်ပေါင်းအဖွဲ့ဖြစ်သည့် အီသီယိုးပီးယား ပြည်သူ့တော်လှန်ရေး ဒီမိုကရေစီတပ်ဦး၏ အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သည်။ 

မကြာသေးခင်က အီသီယိုးပီးယား အစိုးရက ယခင်က အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ခဲ့သော အတိုက်အခံအင်အားစုများအပေါ် နိုင်ငံရေးလှုပ်ရှားမှု ကန့်သတ်ပိတ်ပင်ထားမှုအား ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည်။ 

ယင်းဆုံးဖြတ်ချက်ကြောင့် အီသီယိုးပီးယား၏ ဒီမိုကရေစီစနစ်သည် လာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပိုမိုအားကောင်းသော နိုင်ငံရေးပါတီများ ယှဉ်ပြိုင်မှုကို ဖြစ်ထွန်းစေမည်ဖြစ်သလို ကြီးမားသည့် အပြောင်းအလဲကြီးကိုလည်း ပေါ်ထွန်းစေမည်ဖြစ်သည်။ 

အာဖရိကဒေသ၏ ဒုတိယလူဦးရေ အများဆုံး အီသီယိုးပီးယားနိုင်ငံ၏ ဝန်ကြီးချုပ်ရာထူးကို ပြီးခဲ့သည့် ဧပြီလအတွင်း ရယူခဲ့သည့်အချိန်မှစ၍ အဘီအာမက်သည် လေးနက်သည့်ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည်။ 

ယင်းတို့အနက် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ စီးပွားရေးတွင် နိုင်ငံတော်ချုပ်ကိုင်မှုကို ဖြေလျှော့ပေးခြင်း၊ မြောက်ပိုင်းအိမ်နီးချင်းဖြစ်သော အီရီထရာနိုင်ငံနှင့် သမိုင်းဝင်ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း စသည်တို့ပါဝင်သည်။ 

သို့သော် ဝန်ကြီးချုပ် အဘီအာမက်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ပြီးခဲ့သည့် ဇွန်လက အီသီးယိုးပီးယားနိုင်ငံ ၏ မြို့တော် အက်ဒစ်အာဘာဘာတွင် စီတန်းလှည့်လည် ချီတက်ပွဲကြီးတစ်ရပ် ပြုလုပ်ခဲ့ရာ၌ ဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ပေါ်ပေါက်ခဲ့သည်။ 

အဆိုပါဖြစ်ရပ်ကြောင့် လူနှစ်ဦး သေဆုံးခဲ့ရပြီး ၁၅၀ ခန့် ဒဏ်ရာရရှိသွားခဲ့ကြသည်။

F-01



FOLLOW US