News

POST TAGGED AS

စက်လှေ

ပြည်မြို့ ဧရာဝတီမြစ်တွင်း အပျော်စီး စက်လှေခရီးစဉ် ပထမဆုံးစတင်
ရန်ကုန်၊ ဇန်နဝါရီ ၃၀

ပြည်မြို့၏ အလှအပနှင့် သဘာဝရှုခင်းများကို ကြည့်ရှုနိုင်သည့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ပထမဆုံးအကြိမ် စင်လုံးငှား အပျော်စီးစက်လှေခရီးစဉ်ကို ဇန်နဝါရီလဆန်းမှ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း နတ်မှော်ဆင်စခန်းတာဝန်ခံ ဒေါ်ရည်မွန်ထူးထံမှ သိရသည်။

“လက်ရှိမှာတော့ ပြည်တွင်းခရီးသည်တွေအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ထားတာပါ။ လက်ရှိမှာ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေနဲ့ မိသားစုအလိုက် ငှားရမ်းမှုတွေတော့ ရှိနေတယ်”ဟု ၎င်းက ဆိုသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သဘာဝရှုခင်းများ ကြည့်ရှုနိုင်မည့် Motor Boat Trip ခရီးစဉ်သည် လူဦးရေ ၁၂ ဦးထိ လိုက်ပါနိုင်မည်ဖြစ်ပြီး ပြည်ဆင်စခန်း (နတ်မှော်) ဆိပ်ကမ်းမှ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင်ရှိသည့် ရွှေဘုံသာမုနိဘုရား အထက်ဘက်ထိ ပြေးဆွဲမည်ဖြစ်ကြောင်း ခရီးစဉ်အစအဆုံး ၂ နာရီခန့် ကြာမြင့်နိုင်မည်ဖြစ်ပြီး စင်းလုံးငှားရမ်းခ တစ်သိန်းသုံးသောင်း ကျသင့်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ခရီးစဉ်အသစ်တွေ ဖော်ထုတ်တာကောင်းပေမယ့် နိုင်ငံခြားသားတွေသွားဖို့ လိုအပ်ချက်တွေ ရှိနေဆဲပါ။ လက်ရှိမှာတော့ မြန်မာတွေပဲ များနိုင်တယ်။ ဆင်စီးတာတော့ ကောင်းပါတယ်”ဟု ဧည့်လမ်းညွန်တစ်ဦးက ဆိုသည်။

အဆိုပါခရီးစဉ်သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သဘာဝရှုခင်းများကို ကြည့်ရှုနိုင်ခြင်း၊ နဝဒေးတံတား အလှကို ကြည့်နိုင်ခြင်း၊ မြစ်အတွင်းမှ ရွှေဘုံသာ မုနိနှင့် ပြည်ရွှေဆံတော်ဘုရားများကို မတူညီသော ရှုထောင့်မှ ကြည့်ရှုအပန်းဖြေနိုင်မည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း ဒေါ်ရည်မွန်ထူးက ဆိုသည်။

“အကောက်တောင်က လတ်တလော Hot Trip တစ်ခုဆိုတော့ ထည့်နိုင်ရင် ပိုကောင်းမယ်။ ရေလမ်းကြောင်း ကနေဆိုရင် အကောက်တောင်သမိုင်းနဲ့ ကမ်းပါးယံက ဆင်းတုတွေ၊ နောက်ခံနဲ့က ပိုစိတ်ဝင်စားလိမ့်မယ်”ဟု သုခမိန် ပြည်တွင်းခရီးသွားဘုရားဖူးလုပ်ငန်းမှ တာဝန်ခံ ဦးမျိုးကြီးက ဆိုသည်။

နတ်မှော်ဆင်စခန်းကို ဝင်ကြေး ငါးရာဖြင့် ဖွင့်လှစ်ထားပြီး ကျွန်းစိုက်ခင်းများနှင့် သဘာဝတောများကို လေ့လာနိုင်မည်ဖြစ်သည်။

ပြည်တွင်းခရီးသွားများအနေနှင့် ယခုနှစ်အတွင်း အပန်းဖြေခရီးထွက်ရာတွင် ပြည်မြို့ရှိ သရေခေတ္တရာမြို့ဟောင်းနှင့် အကောက်တောင်ဒေသများ၊ ဆင်စခန်းများကို လည်ပတ်မှု ပိုမိုများပြားလျက်ရှိကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။



FOLLOW US