News

POST TAGGED AS

ဂျာမန်

ကမ္ဘာ့ဖလား သတင်းတင်ဆက်သူ အမျိုးသမီးသတင်းထောက်ကို နမ်းသွားသူက လူသိရှင်ကြားတောင်းပန်၊ နားလည်မှုလွဲမှားခြင်းသာဖြစ်ဟု DW ဆို


ဘာလင်၊ ဇွန် ၂၃

ယမန်နေ့က ၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲသတင်း တိုက်ရိုက်တင်ဆက်နေသူ အမျိုးသမီးရုပ်သံသတင်းထောက် ရိုက်ကွင်းတွင်ပင် လိင်ပိုင်းဆိုင်ရာစော်ကား ခံရသည်ဟူသောကိစ္စမှာ နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ဂျာမန် DW သတင်းဌာနက ယင်းအမျိုးသမီးကိုနမ်းခဲ့သည့် အမျိုးသား၏ ပြောကြားချက်ကို ကိုးကားဖော်ပြသည်။ 

စပိန်ဘာသာဖြင့်ထုတ်လွှင့်သော DW ရုပ်သံအစီအစဉ်အတွက် ကမ္ဘာ့ဖလား သတင်းတိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေခဲ့သည့် အမျိုးသမီးသတင်းထောက် ဂျူးလက်ဂွန်ဇာလက်သီရန် လူရှေ့သူရှေ့တွင် အမျိုးသားတစ်ဦး၏ အနမ်းခံခဲ့ရသော ဗီဒီယိုမှာ အင်တာနက်တွင် ပျံ့နှံ့ခဲ့ရာ အများစုက အမျက်ဒေါသထွက်ခဲ့သည်။ 

မစ္စဂျူးလက်ဂွန်ဇာလက်သီရန်ကို နမ်းရုံမက ရင်သားကိုလည်း ကိုင်တွယ်သွားခဲ့သူ မည်သူနည်းဟူသော မေးခွန်းမှာ ကမ္ဘာတစ်ဝန်းရှိ အင်တာနက်သုံးသူများအကြား မေးစရာဖြစ်ခဲ့သည်။ 

ဂျူးလက်ဂွန်ဇာလက်သီရန်၏ ပါးကိုနမ်းခဲ့သည့် အဆိုပါအမျိုးသားက DW သတင်းဌာနသို့ ဆက်သွယ်လာခဲ့ပြီး ယင်းဖြစ်ရပ်အတွက် အနူးအညွတ်တောင်းပန်ကြောင်းနှင့် ၎င်း၏ ဦးတည်ချက်မှာမစ္စဂျူး လက်ဂွန်ဇာလက်သီရန်ကို လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်ရန် မဟုတ်ကြောင်း ရှင်းပြပြောဆိုသွားသည်။ 

အဆိုပါအမျိုးသား၏ အမည်မှာ ရပ်ဇ်လန် (နောက်အမည်ကိုမပြောပေ) ဖြစ်ပြီး Skype မှတစ်ဆင့် DW သတင်းဌာနသို့ ဆက်သွယ်လာခြင်းဖြစ်သည်။ ရပ်ဇ်လန်ကမစ္စဂျူးလက်ဂွန်ဇာ လက်သီရန်ကို အနူးအညွတ်ထားတောင်းပန်ကြောင်း၊ သူမကို ဘဝတစ်လျှောက် ယင်းသို့သောဖြစ်ရပ်မျိုးနှင့် ဘယ်တော့မှ ထပ်မံမကြုံတွေ့စေလိုကြောင်း ပြောဆိုသည်။ 

မစ္စဂျူးလက်ဂွန်ဇာလက်သီရန် သတင်းတင်ဆက်နေစဉ် အနမ်းခံလိုက်ရသည့် ဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ်၌ တွေ့လိုက်ရသောအခါ လွန်စွာတုန်လှုပ်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားသည်။ “အဲဒါဟာနားလည်မှု လွဲသွားတာပါ”ဟု ၎င်းက ဆိုသည်။ 

ရပ်ဇ်လန်နှင့် ၎င်း၏ သူငယ်ချင်းများသည် သတင်းတင်ဆက်ထုတ်လွှင့်နေသည့် သတင်းထောက်ကောင်မလေးကို အနမ်းပေးနိုင်ခြင်း ရှိ မရှိ အလောင်းအစား လုပ်ခဲ့ကြသည်ဟူ၏။ “ကျွန်တော့်အထင် သူမ (မစ္စဂျူးလက်ဂွန်ဇာလက်သီရန်) ရဲ့ပခုံးပေါ်ကို ကျွန်တော့်ရဲ့လက်ရောက်နေတယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ နည်းနည်းလွဲသွားပြီး သူမရဲ့ရင်ဘတ်ကို ကျွန်တော့်ဘယ်ဘက် လက်နဲ့ ထိသလိုဖြစ်ခဲ့တယ်။ ကိုယ့်ဘာသာကိုယ်လည်း မယုံနိုင်ဘူး၊ ဗီဒီယိုကိုကြည့်တော့ ယုံထင်ကြောင်ထင် အထင်ခံရတော့မယ်ဆိုတာ ကျွန်တော်သဘောပေါက်သွားတယ်”ဟု ရပ်ဇ်လန်က ရှင်းပြသည်။ 

ထို့နောက် ရပ်ဇ်လန်က ၎င်းသည် မစ္စဂျူးလက်ဂွန်ဇာလက်သီရန်အနီးနား ရောက်သွား၍ ယင်းသို့ လုပ်ဆောင်လိုက်မိခြင်းဖြစ်ကြောင်း၊ အမျိုးသမီးဖြစ်၍၊ အသက်အရွယ်ငယ်၍၊ မည်သည့်လူမျိုးဖြစ်၍ စသည့်ဆုံးဖြတ်ချက်ကြောင့် ယင်းသို့လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်းလည်း ပြောကြားသည်။ 

ယင်းကိစ္စနှင့်ပတ်သက်ပြီးမစ္စဂျူး လက်ဂွန်ဇာလက်သီရန်သည် ရပ်ဇ်လန်နှင့် Skype မှတစ်ဆင့် စကားပြောဆိုရန်လည်း သဘောတူညီလိုက်ကြောင်း DW သတင်းဌာနက ဖော်ပြသည်။ 

မစ္စဂျူးလက်ဂွန်ဇာလက်သီရန်က ဖြစ်ခဲ့သောကိစ္စမှာ လက်သင့်ခံစရာမရှိသလို၊ လေးစားမှုလည်း မရှိသည့်ဖြစ်ရပ်ဟု ရပ်ဇ်လန်ကို အသိပေးပြောကြားခဲ့သည်။ သို့သော် ရပ်ဇ်လန်၏ တောင်းပန်စကားကို မစ္စဂျူးလက်ဂွန်ဇာလက်သီရန်ကလက်ခံခဲ့သည်။ ယခုလို လူသိရှင်ကြားတောင်းပန်လာမှုကိုလည်း အသိအမှတ်ပြုပါကြောင်း မစ္စဂျူးလက်ဂွန်ဇာလက်သီရန်က ဆိုသည်။ 

ရပ်ဇ်လန်ကမူ “ကျွန်တော့်ရဲ့ညီမ ဒါမှမဟုတ် ကျွန်တော့်အမေသာ မစ္စဂျူး လက်ဂွန်ဇာလက်သီရန်ရဲ့ နေရာမှာဆို ဘယ်လိုလုပ်မလဲလို့ စဉ်းစားမိတယ်၊ အဲလိုအလုပ်ခံရတာကို ကျွန်တော်လုံးဝကြိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော်အဆုံးသတ်ပြောချင်တာက လူတစ်ယောက်ရဲ့ တစ်ကိုယ်ရေလွတ်လပ်ခွင့်ကို အလေးထားဖို့ အင်မတန်အရေးကြီးပါတယ်။ တစ်စုံတစ် ယောက်ကို ဖက်ချင်တယ်ဆိုရင် သူတို့ရဲ့ သဘောတူညီချက်ပါမှဖြစ်မှာပါ”ဟု ပြောဆိုသွားသည်။  

F-01



FOLLOW US