News

POST TAGGED AS

ဂျာမနီ

06-Sep-2018

ဆန္ဒပြ ဂျာမနီ
ဂျာမနီတွင် လက်ယာစွန်း လှုပ်ရှားမှုကို ကန့်ကွက်သည့် ရော့ခ်တေးဂီတပွဲ ကျင်းပ


ဘာလင်၊ စက်တင်ဘာ ၅

ဂျာမနီအရှေ့ပိုင်း ချမ်းမနစ်ဇ်တွင် လက်ယာစွန်း နီယိုနာဇီလက်သစ်များ၏ အကြမ်းဖက်မှုကို ကန့်ကွက်သော ရော့ခ်ဂီတပွဲကို တနင်္လာနေ့ညက ကျင်းပခဲ့ရာ လူငယ်ထောင်ပေါင်းများစွာ စုဝေးခဲ့ကြပြီး လမ်းဆုံလမ်းခွများနှင့် လမ်းကြားများအထိပါ ပြည့်လျှံသွားခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

လက်ယာစွန်းအကြမ်းဖက်မှုကို ကန့်ကွက်သည့် ဂီတပွဲသည် သက်ရောက်မှုအားကောင်းသော်လည်း တိုင်းပြည်ကို ရွှေ့ပြောင်းဒုက္ခသည်များက လွှမ်းမိုးနေသည်ဟူသော ပြည်သူများစွာ၏ စိုးရိမ်မှုကိုမူ ဖြေဖျောက်နိုင်ခြင်း မရှိသေးပေ။

We are more ဟု အမည်ပေးထားသော ဂီတပွဲသည် AfD ပါတီအပါအဝင် လက်ယာစွန်းအုပ်စုများ၏ ရွှေ့ပြောင်းဒုက္ခသည် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော အရေအတွက် ထောင်ပေါင်းများစွာထက် ပိုများသော လူစုလူဝေးကို ဆွဲဆောင်ရန် စီစဉ်သူများက ရည်ရွယ်ခြင်း ဖြစ်သည်။

ချမ်းမနစ်ဇ်တွင် နာဇီများအတွက် နေရာမရှိဟူသောအချက်ကို ပြသလိုခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။ အရေအတွက် ၃၀,၀၀၀ ခန့် တက်ရောက်မည်ဟု လျှော့ပေါ့မျှော်မှန်း ထားသော်လည်း ပရိသတ် ၅၀,၀၀၀ မှ ၆၅,၀၀၀ အကြား တက်ရောက်လာခဲ့သည်။

ချမ်းမနစ်ဇ်၏ လမ်းများသည် စိတ်မကောင်းမှုနှင့် တင်းမာမှုများ လွှမ်းမိုးခဲ့သော ယခင်ရက်များနှင့် မတူဘဲ ဂီတပွဲတော်ညတွင် ရွှင်လန်းသည့်အသွင်ကို ထင်ဟပ်နေသည်။ ဂီတပွဲတွင် ပါဝင်ဖျော်ဖြေသူ အဆိုတော် ကင်ပီနိုက “ဒါက လက်ယာနဲ့လက်ဝဲ တိုက်ပွဲမဟုတ်ပါဘူး။ အခြေခံ လူ့ယဉ်ကျေးမှုကျင့်ဝတ်တစ်ခု ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မွန်ချီနှင့် အခြားအဆိုတော်များကမူ ဂီတသမားများသည် လက်ယာစွန်းလှုပ်ရှားမှုကို ဆန့်ကျင်သည့် ဖော်ပြချက်များကို ပြုလုပ်ရမည်ဟု မှတ်ချက်ပေးကြသည်။

အဆိုတော် ဖီးလစ်ဘရမ်မာကလည်း “ကျွန်တော်တို့ဟာ ချမ်းမနစ်ဇ်မြို့သားတွေ ဖြစ်တယ်။ အဓိကအချက်က စည်းလုံးညီ ညွတ်မှုကို ပြသတာဖြစ်ပါတယ်”ဟု ပြောကြားသည်။

ချမ်းမနစ်ဇ်တွင် ဩဂုတ်လ ၂၅ ရက် က ဆီးရီးယားတစ်ဦးနှင့် အီရတ်တစ်ဦးက ဓားဖြင့်ထိုးမှုကြောင့် ဒေသခံဒန်နီယယ် အိပ်ခ်ျ သေဆုံးခဲ့ပြီးနောက် အုံကြွမှုနှင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ သေဆုံးသူ ဒန်နီယယ်အိပ်ခ်ျ၏ မိသားစုကမူ လက်ယာစွန်းအစုများကျင်းပသော ဝမ်းနည်းခြင်းအခမ်းအနားများနှင့် ခပ်ခွါခွါနေခဲ့သည်။

ရော့ခ်ဂီတပွဲကို ဒန်နီယယ်အိပ်ခ်ျအတွက် ဝမ်းနည်းခြင်း တစ်မိနစ်ငြိမ်သက်ပြီးနောက် စတင်ဖျော်ဖြေခဲ့သည်။ ပွဲမစမီ ဒန်နီယယ်အိပ်ခ်ျမိသားစုနှင့် လူမျိုးခွဲခြားမှု ဆန့်ကျင်ရေးရန်ပုံငွေအတွက် အလှူငွေများ ကောက်ခံခဲ့သည်။

လူငယ်ထု အများစုဖြစ်သည့် ပရိသတ်များသည် ချမ်းမနစ်ဇ်မြို့မှသာမကဘဲ ကီလိုမီတာ များစွာဝေးသော အခြားမြို့များမှ လာရောက်စုဝေးခဲ့ခြင်းဖြစ်သည်။ “သင်တစ်ဦးတည်း လျှောက်လို့မရပါ” ဟု အမည်ရသည့် အပိတ်သီချင်းကို ဂီတအဖွဲ့များအားလုံး စုပေါင်းသီဆိုခဲ့ကြသည်။

ဘောလုံးချစ်သူ အဆိုတော် ကမ်ပီနိုက “ဒီနေ့ည အကြမ်းဖက်မှုမရှိဘူးဆိုရင် ကျွန်တော်တို့ ငါးဂိုးပြတ်နဲ့ နိုင်တာပဲဗျ” ဟု မှတ်ချက်ပေးသည်။

လက်ယာစွန်းတို့၏ တုံ့ပြန်မှုရှိလာမည်ကို စိုးရိမ်ခဲ့ကြသော်လည်း ဂီတပွဲညသည် အေးချမ်းစွာ ပြီးဆုံးခဲ့သည်။ သို့ရာတွင် ဂျာမနီကို ရွှေ့ပြောင်းဒုက္ခသည်များ လွှမ်းမိုးလာမှုအပေါ်စိုးရိမ်ကာ စနေနေ့က လမ်းများပေါ် ထွက်လာခဲ့သည့် ဆန္ဒပြ ဂျာမန်ပြည်သူများ၏သောကကိုမူ ဖြေဖျောက်ပေးနိုင်ခြင်း မရှိသေးပေ။

အဆုံးစွန်အားဖြင့် မည်သည့်ဘက်က အရေအတွက် ပိုများသလဲဆိုသော မေးခွန်းကို လာမည့် ဒေသန္တရရွေးကောက်ပွဲများက ဆုံးဖြတ်ပေးမည်ဖြစ်သည်။ 

F-04  



FOLLOW US