News

POST TAGGED AS

ဂျာမနီ

သမ္မတထရမ့်က ချားလော့စ်ဗီလီဆူပူအုံကြွမှု တစ်နှစ်ပြည့်ချိန်တွင် လူမျိုးရေးခွဲခြားမှုဝါဒကိုရှုတ်ချ


ဝါရှင်တန်၊ ဩဂုတ် ၁၂

လူဖြူမဟုတ်သူများကို နှိမ်သည်ဟု မကြာခဏ စွပ်စွဲခံရသူအမေရိကန် သမ္မတထရမ့်သည် စနေနေ့ကဗာဂျီးနီးယားပြည်နယ် ချားလော့ဗီလီမြို့ နာဇီလက်သစ် အုံကြွမှုဖြစ်စဉ် တစ်နှစ်ပြည့်သည့်အချိန်တွင် လူမျိုးရေးခွဲခြားမှုဝါဒကိုရှုတ်ချလိုက်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

လူတစ်ဦးသေဆုံးခဲ့သောအဆိုပါ ဆန္ဒပြမှုသည် ထရမ့်၏လက်ထက်တွင် လက်ယာစွန်းလှုပ်ရှားမှု ကြီးထွားလာခြင်းကို ပြသနေသည်။

စနေနေ့က ချားလော့စ်ဗီလီတွင် ဖက်ဆစ်ဆန့်ကျင်ရေး ဆန္ဒပြသူများက လူဖြူကြီးစိုးရေးဝါဒကို ကန့်ကွက်သည့် ငြိမ်းချမ်းစွာချီတက်ပွဲကို ပြုလုပ်ခဲ့ကြပြီး မနှစ်က အကြမ်းဖက် အဓိကရုဏ်းဖြစ်စဉ်များအတွင်း လက်ယာစွန်းဆန့်ကျင်ရေး ဆန္ဒပြစဉ် အသတ်ခံခဲ့ရသူ ဟယ်လ်သာဟေယာအတွက် လွမ်းသူ့ပန်းစည်းများချခဲ့ကြသည်။

ထရမ့်သည် ချားလော့စ်ဗီလီသေဆုံးမှုဖြစ်စဉ်အပြီးတွင် ထိုဖြစ်စဉ်၌ ပါဝင်ပတ်သက်ခဲ့သော လူဖြူအမျိုးသားရေးဝါဒီများကို ပြစ်တင်ရှုတ်ချရန် ရှောင်ရှားခဲ့မှုကြောင့် ဝိုင်းဝန်းဝေဖန်ခြင်းကို ခံခဲ့ရသည်။

သို့ရာတွင် ထရမ့်သည် ပြီးခဲ့သော စနေနေ့က twitter တွင် “မနှစ်ကချား လော့စ်ဗီလီ အဓိကရုဏ်းတွေဟာသေဆုံးမှု၊ သွေးကွဲမှုတွေ ဖြစ်စေခဲ့ပါတယ်။ ကျုပ်တို့ဟာ နိုင်ငံတစ်ခုအဖြစ် အတူတကွ ရပ်တည်ကြရမယ်။ လူမျိုးရေးခွဲခြားမှုနဲ့ အကြမ်းဖက် လုပ်ရပ်အားလုံးကို ကျုပ်ပြစ်တင်ရှုတ်ချပါတယ်။ အမေရိကန်တွေအားလုံး ငြိမ်းချမ်းကြပါစေ”ဟု ရေးသားပြောဆိုခဲ့သည်။

ဒီမိုကရက်အမတ် မတ်ခ်ဝါနာကမူ ထရမ့်သည် လူဖြူအမျိုးသားရေးဝါဒီများ အမုန်းတရားနှင့် ခေါင်းမာသည့် အယူအဆများ ဖြန့်ချိနိုင်အောင် လမ်းရှင်းပေးနေသည်ဟု ဝေဖန်ပြောဆိုသည်။

ဗာဂျီးနီးယားပြည်နယ် တစ်ခုလုံးနှင့် ချားလော့စ်ဗီလီမြို့တွင် လုံခြုံအေးချမ်းမှု ရှိရေးအတွက် တာဝန်ရှိသူများကအရေးပေါ်အခြေအနေ ကြေညာထားသည်။ မြို့တော်အတွင်း လုံခြုံရေးတင်းကျပ်စွာ ဖြန့်ကြက်ထားပြီး မြို့လယ်တွင် လူဝင်ဂိတ်နှစ်ခု ဖွင့်ထားကာ တာဝန်ရှိသူများက ကားများဖြင့် လှည့်ပတ်စောင့်ကြပ်နေကြသည်။

စည်းကမ်းပျက် ချဉ်းနင်းဝင်ရောက်လာသူနှစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး စည်းကမ်းမဲ့မှုအဖြစ် သတ်မှတ်ကာ ပြန်လွှတ်ပေးခဲ့သည်ဟု သိရှိရသည်။

မနှစ်က ဩဂုတ်လ ၁၁ ရက်တွင် ချားလော့စ်ဗီလီ၌ နာဇီလက်သစ်လှုပ်ရှားသူ ရာဂဏန်းက လက်နက်ကိုင်များလိုက်ပါလျက် လူဖြူအမျိုးသားရေးကြွေးကြော်သံများဖြင့် အော်ဟစ်ကာ ချီတက်ပွဲပြုလုပ်ခဲ့ကြသည်။ 

ထို့နောက် ဩဂုတ်လ ၁၂ ရက်တွင် နာဇီလက်သစ်များနှင့် တုံ့ပြန်ဆန္ဒပြသော ဖက်ဆစ်ဆန့်ကျင်ရေး အုပ်စုများအကြား ရန်ပွဲဖြစ်ပွားခဲ့သည်။

တုံ့ပြန်ဆန္ဒပြသူ လူအုပ်ထဲသို့ လူတစ်ဦးက ကားဖြင့်ဝင်တိုက်ခဲ့ရာမှ ဟယ်လ်သာဟေယာ သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရှိခဲ့သည်။ ထို့နောက် အကြမ်းဖက် အဓိကရုဏ်း ကြီးထွားလာခဲ့သည်။

ထရမ့်သည် အဓိကရုဏ်းဖြစ်ပွားချိန်တွင် ပြစ်တင်ရှုတ်ချရန် ပျက်ကွက်ခဲ့ပြီး နောက်တစ်ရက်ကြာမှ “နှစ်ဖက်စလုံးကို အပြစ်တင်ရမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးမှာ လူကောင်းတွေလည်း ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

F-04



FOLLOW US