News

POST TAGGED AS

ဂျာနယ်

27-Jul-2018

တနင်္သာရီ လိပ်ဥ
တနင်္သာရီ ပင်လယ်လိပ်ထိန်းသိမ်းရေးစခန်းတွင် လိပ်လာဥသည့်နှုန်း ပြန်တက်


ထားဝယ်၊ ဇူလိုင် ၂၆

တနင်္သာရီတိုင်းတွင် တစ်ခုတည်းသာရှိသည့် ပင်လယ်လိပ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတွင် ပြီးခဲ့သည့်နှစ်ပိုင်းက ပင်လယ်လိပ်များ ဥလာချနှုန်း ကျဆင်းလာခဲ့ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပြန်တက်လာကြောင်း ငါးလုပ်ငန်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးရုံးမှ ဦးစီးအရာရှိ ဦးစိုးသန့်က ပြောသည်။

လောင်းလုံးမြို့နယ် ရေပြင်ရှိ လောင်းလုံးဘုတ်ကျွန်းတွင် ငါးလုပ်ငန်းဦးစီးဌာနက လုပ်ဆောင်နေသည့် ပင်လယ်လိပ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို ၂၀၀၅ ခုနှစ်ကတည်းက ဖွင့်လှစ်ထားကြောင်း အထက်ပါဌာနထံမှ သိရသည်။

လောင်းလုံးဘုတ်ကျွန်း အနောက်ဘက်ရှိ သောင်ပြင်တွင် အထက်ပါစခန်းတည်ရှိပြီး ပြင်သာလိပ် (ဒေသအခေါ် ဘုတ်လိပ်) တစ်မျိုးသာ ဥချကာ လိပ်ဥတစ်ကျင်းလျှင် ဥအလုံးရေ ၈၀ မှ ၁၂၀ ကြားရှိကြောင်း ဦးစီးအရာရှိ ဦးစိုးသန့်က ဆိုသည်။

အထက်ပါဌာန၏ ပြီးခဲ့သည့် ၅ နှစ်တာအတွင်း စာရင်းအရ ၂၀၁၃ -၂၀၁၄ ခုနှစ်တွင် လိပ်ဥကျင်း ၁၁ ကျင်း ဥချရာမှ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် လိပ်ဥကျင်း ၂ ကျင်းသာ ဥချတော့သည်။ သို့သော် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဥကျင်း ၁၀ ကျင်း လာဥချခဲ့သည့်အတွက် ပြန်တက်လာသည့် အနေအထားဖြစ်သည်။

ခရီးသွားလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများမှ အသံနှင့် မီးအလင်းရောင်များကြောင့် အနှောင့်အယှက်ဖြစ်ကာ ပင်လယ်လိပ်များ ဥချနှုန်း ကျဆင်းခြင်းဖြစ်နိုင်သည်ဟု ဦးစိုးသန့်က သုံးသပ်သည်။

“ဥဖို့ သဲသောင်ကိုလာတဲ့အချိန်မှာ အနှောင့်အယှက်တွေရှိရင် လျော့သွားတတ်တယ်”ဟု ဦးစိုးသန့်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၆ ခုနှစ် ဧပြီလဝန်းကျင်အထိ ဘုတ်ကျွန်းခရီးစဉ် နာမည်စကြီးလာပြီး ယင်းကျွန်းနှင့် အနီးတစ်ဝိုက်သို့ လာရောက်လည်ပတ်သူ အများအပြားရှိခဲ့သည်။ 

ယင်းနောက်ပိုင်းတွင် အဆိုပါကျွန်း မြေသည် တပ်မတော်ပိုင်မြေဖြစ်သည်ဟူသည့် အချက်အပါအဝင် အခြားအချက်အချို့ကြောင့် ဘုတ်ကျွန်းခရီးစဉ်ကို တားမြစ်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် လာရောက်လည်ပတ်သူ အနည်းငယ်သာရှိတော့သည်။

ထို့အပြင် ကင်းမွန်မီးထွန်းလှေများသည် ဘုတ်ကျွန်းရေပြင်တစ်ဝိုက်တွင် မီးထွန်းငါးဖမ်းလေ့ရှိသည်။

ပြင်သာလိပ်များက တပေါင်း (သို့) တန်ခူးလတွင် အများဆုံး လာဥလေ့ရှိကြောင်း သိရသည်။ လိပ်ဥကို ရေထိပါက သားပေါက်နှုန်း ကျဆင်းလေ့ရှိပြီး နွေရာသီတွင် ဥပါက သားပေါက်နှုန်းများကြောင်း ၎င်းက ရှင်းပြသည်။

ပြင်သာလိပ်အရွယ်အစားမှာ အရှည် ၄၃ စင်တီမီတာမှ ၈၉ စင်တီမီတာအထိရှိပြီး သက်တမ်း နှစ်တစ်ရာဝန်းကျင်အထိ အသက်ရှည်ကြောင်း ဦးစိုးသန့်က ဆိုသည်။

တနင်္သာရီတိုင်းတွင် ပြင်သာလိပ်၊ လိပ်ကြက်တူရွေး၊ လိပ်လှောင်း၊ လိပ်ခွေး အစရှိသည့် လိပ်အမျိုးအစား ၄ မျိုးကို တွေ့ရပြီး အထက်ပါစခန်းတွင် ပြင်သာ လိပ်တစ်မျိုးသာ လာဥကြောင်း အထက်ပါဌာနထံမှ သိရသည်။

လောင်းလုံးဘုတ်ကျွန်းရှိ ပင်လယ်လိပ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတွင် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးထားရှိကာ စတင်တည်ထောင်သည့် ၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ လိပ်ဥ ၈၈၃၅ လုံးမှ သားပေါက်ကောင်ရေ ၃၉၃၉ ကောင်ကို ပင်လယ်ပြင်သို့ ပြန်လွှတ်ပေးနိုင်ခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။

လိပ်များကို မျိုးတုံးလုနီးပါး သတ္တဝါမျိုးစိတ်အဖြစ် သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံအများစုတွင် ထိန်းသိမ်းကာကွယ်လျက်ရှိသည်။

Dawei Watch



FOLLOW US