News

POST TAGGED AS

ဂျာနယ်လစ်

သတ်မှတ်လုပ်ခလစာ အပြည့်မရသဖြင့် မဲဆောက်တွင် မြန်မာလုပ်သား ၁၀၀၀ ခန့် ဆန္ဒဖော်ထုတ်


ဘားအံ၊ ဖေဖော်ဝါရီ ၁၆

သတ်မှတ် အနည်းဆုံးလုပ်ခလစာ အပြည့်အဝမရရှိခြင်း၊ ကမ်းကူးခနှင့် ထမင်းစရိတ်များ ဖြတ်တောက်ခြင်း၊ အချိန်ပိုကြေး အပြည့်အဝမရရှိခြင်းတို့ကြောင့် ဖေဖောဝါရီလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ တာခရိုင်ရှိ Gold File ကျောက်မျက်ရတနာ သွေးစက်ရုံမှ မြန်မာလုပ်သား ၁၀၀၀ ခန့် ဆန္ဒဖော်ထုတ်ခဲ့သည်ဟု မြဝတီအခြေစိုက် (KTG) အထွေထွေလူမှုကူညီရေးရုံးအဖွဲ့မှ စုံစမ်းသိရှိရသည်။

အဆိုပါ Gold File ကျောက်မျက်ရတနာ သွေးစက်ရုံသည် ထိုင်းမြန်မာနပ်စပ်အနီးတွင်တည်ရှိပြီး အများစုမှာ နေ့စဉ် ရွှေ့ပြောင်းလုပ်သား (မနက် မဲဆောက်သွား၊ ညနေ မြဝတီပြန်) များ ဖြစ်ကြကာ အလုပ်သမားများမှာအမျိုးသမီးများဖြစ်ကြသည်ဟု အထွေထွေလူမှုကူညီရေးအသင်း အဖွဲ့ခေါင်းဆောင်ထံမှ စုံစမ်းသိရှိရသည်။

“အလုပ်သမားတွေက ကိုယ့်ထမင်းချိုင့်နဲ့ ကိုယ်လာပေမယ့် ထမင်းဖိုးဆိုပြီး ဖြတ်တာရှိတယ်၊ တစ်ဖက်ကမ်းကနေ လာတဲ့အတွက် ကမ်းကူးခဖြတ်တာတွေရှိတယ်၊ ကလေးတွေကိုမေးတော့ အလုပ်သမား ၁၆၀၀ ကျော်မှာ ၃၅၀ လောက်ပဲ စက်ရုံကထမင်းကို စားတဲ့လူရှိတယ်၊ ကျွန်တော်တို့အဖွဲ့အနေနဲ့ အလုပ်ရှင်သဋ္ဌေးနဲ့၊ အလုပ်သမားတွေကို ပြေလည်တဲ့အထိ တွေ့ဆုံညှိနှိုင်းပေးခဲ့ပါတယ်”ဟု KTG အထွေထွေ လူမှုကူညီရေးအသင်း မန်းနေးဂျင်းဒါရိုက်တာ ဦးသားကြီးမှ ပြောကြားသည်။

အလုပ်သမားများမှာ လုပ်ခအနေဖြင့် ၃၀၅ ဘတ် ရရှိရမည်ဖြစ်သော်လည်း ၂၅၀ ဘတ်ဝန်းကျင်သာ ရရှိခြင်း၊ ထမင်းဖိုးအနေဖြင့် ၁၅ ဘတ် ဖြတ်တောက်ခြင်း၊ ယာယီနယ်မြေကျော် အလုပ်သမားလက်မှတ် CI စာအုပ် ပြုလုပ်ရန်အတွက် တစ်ဦးလျှင် ၄၂၀၀ ဘတ်နှုန်းဖြင့် အလုပ်သမား ၄၅၀ ဦး အားငွေကြေးကောက်ခံထားခြင်း၊ အချိန်ပိုကြေးများ ဖြတ်တောက်ခြင်းများကြောင့် ယင်းသို့ ဆန္ဒပြရခြင်းဖြစ်သည်ဟု အလုပ်သမားများထံမှ သိရသည်။

“ထိုင်းနိုင်ငံမှာ အနိမ့်ဆုံး လုပ်အားခ တစ်နေ့ ၃၀၀ ကျော်နေပြီ၊ သမီးတို့က ဘတ်၂၀၀ နဲ့ ၂၅၀ ၀န်းကျင်ပဲ ရရှိကြတယ်၊ အချိန်ပိုကြေး တစ်နာရီ ၆၈ ဘတ်လည်း မရတဲ့အပြင် စာရွက်စာတမ်းကြေးတွေလည်း ဖြတ်တောက်တယ်။ ကိုယ့်နိုင်ငံထက် ပိုရမလားလို့ သူများနိုင်ငံမှာ အလုပ်လာလုပ်တာ အခုလိုဆိုတော့ ထိုင်းအလုပ်သမား ဥပဒေအတိုင်း ခံစားခွင့်ရဖို့ ဆန္ဒပြတောင်းဆိုတာပါ”ဟု အလုပ်သမတစ်ဦးဖြစ်သူ အသက် ၂၃ နှစ် အမျိုးသမီးငယ်တစ်ဦးက ပြောကြားသည်။

ထိုဆန္ဒပြမှု ၃ နာရီအကြာတွင် မဲဆောက်မှ သံအရာရှိလည်းရောက်ရှိလာပြီး အလုပ်ရှင်၊ အလုပ်သမား၊ သံအရာရှိအဖွဲ့နှင့် KTG အထွေထွေ လူမှုကူညီရေးအသင်းတို့တွေ့ဆုံညှိနှိုင်းပြီးနောက်တွင် သဘောတူညီချက်အချို့ကို ရရှိခဲ့သည်ဟု KTG အထွေထွေလူမှုကူညီရေးအသင်း အထွေထွေမန်နေဂျာ ဦးသားကြီးထံမှ စုံစမ်းသိရှိရသည်။

R-17



FOLLOW US