News

POST TAGGED AS

ခရီးသွား

အင်းလေးဖောင်တော်ဦးအနီး နိုင်ငံခြားသားခရီးသွား စက်လှေနှင့်ဒေသခံစက်လှေ တိုက်


ရန်ကုန်၊ ဇန်နဝါရီ ၁၀

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အဓိက သွားရောက်လေ့လာလေ့ရှိသော ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး ဘုရားအနီး နိုင်ငံခြားသားခရီးသွား စက်လှေနှင့်ဒေသခံစက်လှေတို့ တိုက်မိခဲ့ကြောင်း save the inle lake အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဖောင်တော်ဦးဘုရားရှေ့ စက်လှေများရပ်နားသည့်နေရာမှ ထွက်ခွာသည့် နိုင်ငံခြားသားခရီးသွားငါးဦး စီးနင်းလာသော ဖိုင်ဘာစက်လှေကို ဒေသခံစက်လှေက ဖြတ်တိုက်မိရာမှ စက်လှေကွဲကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောကြားသည်။

“ရေတိမ်ပိုင်းမှာဖြစ်လေတော့ ခရီးသည်တွေ ဘာမှမဖြစ်ခဲ့ဘူး၊ ဖုန်းတို့ ကင်မရာတို့လည်း မပျက်စီးခဲ့ဘူး။ နိုင်ငံခြားသားတွေကလည်း မကျေနပ်တာ မရှိကြပါဘူး”ဟု ၎င်းက ဆိုသည်။

ခရီးသွားကုမ္ပဏီအစီအစဉ်ဖြင့် သွားလာသည့် ခရီးသွားများ မဟုတ်နိုင်ကြောင်း၊ ဘုရားရှေ့ဖြစ်သည့်အတွက် ရွာတွင်းစက်လှေများ အသွားအလာမပြတ် ရှိတတ်ကြောင်း၊ ယခုကဲ့သို့ဖြစ်စဉ်မျိုး ဖြစ်လေ့ရှိကြောင်း တောင်ကြီး-အင်းလေးဒေသ ခရီးသွားဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။

“ရွာဝင်၊ ရွာထွက်လမ်းတွေ၊ အကွေ့တွေမှာ သတိပေးဆိုင်းဘုတ်များ တပ်သင့်တယ်လို့ထင်တယ်။ နောက်ပြီးတစ်နာရီ ရေမိုင်ဘယ်လောက်မောင်း ဆိုတာမျိုး သတိပေးတာလေးတွေ လုပ်သင့်တယ်လို့မြင်မိတယ်”ဟု ၎င်းက ဆိုသည်။





FOLLOW US