News

POST TAGGED AS

ကွန်ပျူတာ

27-Aug-2018

ရထား ကွန်ပျူတာ
ကွန်ပျူတာထိန်းချုပ်စနစ်ပါ ဒီဇယ်လျှပ်စစ်စက်ခေါင်းကို စက်တင်ဘာလတွင် တပ်ဆင်ထုတ်လုပ်မည်
ရန်ကုန်၊ ဩဂုတ် ၂၆

နေပြည်တော် ရထားစက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံက ကွန်ပျူတာထိန်းချုပ်စနစ်ပါ ဒီဇယ်လျှပ်စစ် စက်ခေါင်းကို စက်တင်ဘာလမှစ၍ တစ်လလျှင် တစ်ခေါင်းနှုန်း ထုတ်လုပ်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား (စစ်ဆေးရေးဌာန) အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောကြားသည်။

“ဒီလာမယ့်စက်တင်ဘာလမှာ စထုတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လိုအပ်တဲ့ပစ္စည်းတွေကလည်း ရှိနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ တစ်လကို တစ်ခေါင်းနှုန်းထုတ်သွားနိုင်မယ်လို့ တွက်ချက်ထားတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ စက်ရုံတွင် ရထားစက်ခေါင်း ၁၀ ခေါင်းစာအတွက် ပစ္စည်းများ ရောက်ရှိနေပြီဖြစ်ပြီး တရုတ်စက်ပစ္စည်း အမျိုးအစားများကို အသုံးပြုထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ကွန်ပျူတာထိန်းချုပ်စနစ်ဆိုတာ အများထင်သလို Control Center ကနေ ကွန်ပျူတာနဲ့ထိန်းချုပ်တာ မဟုတ်ပါဘူး။ မောင်းနှင်အား၊ အင်ဂျင်ပါဝါလည်ပတ်ပုံ၊ ဆီစားနှုန်းတွေကို စက်ခေါင်းမှာ ကွန်ပျူတာစနစ်နဲ့ တစ်ခါတည်းထိန်းချုပ်တာကို ပြောတာပါ”ဟု ၎င်းက ဆိုသည်။

စက်ခေါင်းများအနေနှင့် တရုတ်ပညာရှင်များဖြင့် ပူးပေါင်းတည်ဆောက်ခြင်းဖြစ်ပြီး စက်ခေါင်းတစ်ခေါင်း၏ တန်ဖိုးငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၈၅ မီလီယံကုန်ကျမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ (စက်မှုဌာန) မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါစက်ခေါင်းများကို လူစီးများသော အမြန်ရထားလမ်းပိုင်းတွင် အသုံးပြုမည်ဖြစ်ပြီး ကနဦး ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ မန္တလေး-မြစ်ကြီးနား၊ မန္တလေး-လားရှိုး စသည့်လမ်းပိုင်းတွင် အသုံးပြုမည်ဖြစ်ကာ ထပ်မံ၍ ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

နေပြည်တော်စက်ခေါင်းစက်ရုံကို ၂၀၁၄ခုနှစ်က တင်ဒါအောင်မြင်သည့် Myanmar Land Development ကုမ္ပဏီက တည်ဆောက်ခဲ့ပြီး စက်ရုံဧရိယာမှာ ၁၈ ဧကကျယ်ဝန်းကာ ယင်းစက်ရုံသည် မေလက လုပ်ငန်းစတင်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်ခေါင်းတည်ဆောက်ရေးလုပ်ငန်းကို CRRC Dalian ကုမ္ပဏီအဖွဲ့နှင့် မြင်းကောင်ရေ ၂၀၀၀ အားရှိ စက်ခေါင်းများကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရထားစက်ခေါင်း လေးရာကျော်၊ လူစီးတွဲ ၁၂၀၀ ခန့်ရှိပြီး ရထားစက်ခေါင်း စက်ရုံများမှာ အင်းစိန်စက်ခေါင်းစက်ရုံ၊ ရန်ကုန် RBE စက်ခေါင်းပြင်စက်ရုံ၊ ရွာထောင်စက်ခေါင်းစက်ရုံတို့ရှိကြောင်း မြန်မာ့မီးရထားထံမှသိရသည်။

J-06



FOLLOW US