POST TAGGED AS

ကျိုက်ထီးရိုး

ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ ခေါင်းဆောင် ဒေါက်တာခင်ဆောင်နှင့် တွေ့ဆုံခြင်း
ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်တွင် ဝိနည်းနှင့် မညီသော ရဟန်း၊ သီလရှင်များကို သံဃာ စည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရ ရှောင်တခင် စစ်ဆေး၍ ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်ပြီး သိရှိနိုင်စေရန် ဂေါပကအဖွဲ့ ခေါင်းဆောင် ဒေါက်တာခင်ဆောင်နှင့် The Voice Daily သတင်းစာက ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မှာ ဝိနည်းနဲ့မညီတဲ့ ရဟန်း၊ သီလရှင်တွေ၊ ကိုရင်တွေ၊  ဖိုးသူတော်၊ ရသေ့တွေရဲ့ အလှူခံမှုတွေကို ဘယ်လိုပုံစံမျိုးနဲ့ ရှင်းလင်းဆောင်ရွက်နေပါသလဲ။

Dr. KS : ဂေါပကအဖွဲ့ရယ်၊ ပြည်သူ့ရဲရယ်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေရယ်၊ မြို့နယ်သာသနာရေး ဦးစီးဌာနရယ်၊ မြို့နယ်သံဃနာယကအဖွဲ့တွေရယ် ပေါင်းပြီးတော့ စိစစ်တာပါ။ စိစစ်တယ် ဆိုတာက ဂေါပကအဖွဲ့သစ် တက်ပြီးတဲ့ နောက်မှာ ရင်ပြင်တော်ပေါ်မှာ အလှူမခံရ ဆိုပြီးတော့ စည်းကမ်းချက် သတ်မှတ်ထားတယ်။ သံဃာတွေ အနေနဲ့ကလည်း လူစည်ကားရာအရပ်မှာ ဝတ္ထု (ငွေ) အလှူမခံရဆိုပြီး ညွှန်ကြားစာတွေလည်း ရှိထားတယ်။ နောက်တစ်ခုက ဥပဇ္ဈာယ် ဆရာမရှိဘဲနဲ့ သင်္ကန်းဝတ်ပြီးတော့ ကျိုက်ထီးရိုးမှာက  အလှူခံတာတွေ အရမ်းများတယ်။ ရင်ပြင်တော် အပေါ်ထိ ရောက်တယ်။ အဲ့လိုရောက်လာတော့ မြို့နယ်သာသနာရေး ဦးစီးကနေ စီမံချက်တွေ ရေးပြီးတော့ ပြည်နယ်ကို တင်တယ်။ ပြည်နယ်ကလည်း  စီမံချက်အတိုင်း ဆောင်ရွက်ဖို့  ခွင့်ပြုလာတဲ့အတွက်  ကျွန်တော်တို့လေးဖွဲ့ ပေါင်းပြီးတော့ မနက်စောစောမှာ ရင်ပြင်မှာ အလှူလာခံတဲ့ ကိုယ်တော်တွေကို  ခေါ်ပြီးတော့ စစ်ဆေးတာပါ။ စစ်ဆေးတာကလည်း တောင်ပေါ်မှာ စစ်တာ မဟုတ်ပါဘူး။ ရင်ပြင်တော်ကနေ တောင်အောက်ကို ခေါ်ပြီးတော့ မြို့နယ်သံဃနာယက အဖွဲ့တွေနဲ့ စစ်ဆေးတာပါ။

Voice : ပထမအဆင့် အနေနဲ့ သတိပေး ရှင်းလင်းမှုတွေ ဆောင်ရွက်နေတယ်ဆိုတော့ နောက်တစ်ကြိမ်  ကျူးလွန်တာတို့၊ ထပ်လုပ်တာတို့ဆိုရင် ဘယ်လိုဆောင်ရွက်ဖို့ ရှိသလဲ။

Dr. KS : ပထမဆုံး အနေနဲ့ တွေ့ရှိတဲ့ ဝိနည်းနဲ့မညီတဲ့ သံဃာတော်တွေကိုတော့ မှတ်တမ်းတင်တယ်။ ဓာတ်ပုံရိုက်တယ်။ လူဝတ်လဲလိုက်တယ်။ နောက်ထပ် မတက်လာဖို့ပေါ့။ လွန်ခဲ့တဲ့ အချိန်တုန်းက အဲ့လိုမျိုး တစ်ခေါက်လုပ်ဖူးတယ်။ အဲ့တုန်းက သံဃာသုံးပါး တွေ့ခဲ့တယ်။ အဲဒီသုံးပါးကိုလည်း မှတ်တမ်းထဲမှာ ထည့်ထားတယ်။ အခုအဲဒီသုံးပါးထဲက နှစ်ပါး အခု တစ်ခါပြန်ပြီး ပါလာတာ ရှိတယ်။ အဲ့တော့ သတိပေးထားပြီးသား ဖြစ်တဲ့အတွက် လူဝတ်လဲပြီးတော့ တရားဥပဒေအတိုင်း အရေးယူလိုက်တယ်။ အခုဖမ်းမိတဲ့ထဲမှာ တစ်ပါးမှ ဥပဇ္ဈာယ်ဆရာ မရှိဘူး။ အခုလ ၁၄  ရက်မှာ ဖမ်းတော့ အပါး ၅၀ ကျော်ကို မိတယ်။ ရဟန်း ၂၁ ပါး၊ ကိုရင် ၃၂ ပါး၊ သီလရှင်နှစ်ပါး၊ ရသေ့နှစ်ပါး၊ ဖိုးသူတော်တစ်ပါးကို မိတယ်။

Voice : ဂေါပကအဖွဲ့သစ် တာဝန်ယူ ဆောင်ရွက်ပြီးတဲ့ နောက်ပိုင်း အလှူငွေရရှိမှု အခြေအနေက ဘယ်လိုရှိပါသလဲ။ ရရှိလာတဲ့ အလှူငွေတွေကိုရော ဘယ်လိုစီမံခန့်ခွဲနေပါသလဲ။

Dr. KS : လောလောဆယ်မှာ ရသမျှ အလှူငွေတွေကို ဘဏ်ထဲကိုပဲ ထည့်ထားတာပါ။ အကုန်လုံး ခြုံကြည့်ရင် အလှူငွေရော ရွှေဆိုင်းကရတဲ့ အမြတ်ရော ဆိုရင် ဂေါပကအဖွဲ့အသစ် ပြောင်းပြီးတဲ့ လေးလတာအတွင်းမှာ ကျပ် ၃ ဒသမ ၇ ဘီလီယံကျော်လောက်ထိ ရတယ်။ မနှစ်က လေးလတာအတွင်းမှာ ၁ ဒသမ ၆ ဘီလီယံလောက် အထိပဲ ရှိတယ်။ အဲ့ရတဲ့ငွေထဲက လာမယ့်နှစ်ကို တောင်ပေါ်မှာ ရေကို ပိုမိုသုံးစွဲလို့ရအောင် လုပ်ဖို့တော့ ရှိတယ်။ ထုတ်ယူသုံးစွဲရင်လည်း  ဂေါပက အစည်းအဝေး ထိုင်ပြီးတော့ ဆုံးဖြတ်တယ်။ နောက်ပြီး သုံးစွဲတဲ့ ပမာဏက ကျပ်ဆယ်သိန်းကျော်ရင် ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပြီးတော့ သုံးတာပါ။

Voice : ကျိုက်ထီးရိုးစေတီတော်နဲ့ ပတ်သက်ပြီး ကန်ထရိုက်စနစ်နဲ့ အလှူခံတာမျိုး ရှိပါသေးလား ခင်ဗျား။ အဲဒါနဲ့ ပတ်သက်လို့ရော  ဘယ်လိုဆောင်ရွက်နေလဲ။

Dr. KS : လက်ရှိမှာက ကျိုက်ထီးရိုးစေတီတော်နဲ့ ပတ်သက်ပြီး ကန်ထရိုက်စနစ်နဲ့ အလှူခံတာ မရှိပါ ဘူး။ ကျွန်တော်တို့လည်း ခွင့်မပြုထားပါဘူး။ အလှူငွေကိုက ဖြတ်ပိုင်းနဲ့ ဘက်စုံအလှူခံဌာန ဆိုပြီးတော့  ရင်ပြင်တော်ပေါ်မှာ ရှိပါတယ်။ ငွေသားနဲ့ရော ရွှေသင်္ကန်း ကပ်ပြီးရော လှူလို့ရပါတယ်။ အဲဒီမှာ လျှပ်စစ်မီး၊ လမ်းပြင်ဖို့၊ ရေသွယ်တန်းဖို့ စသည်ဖြင့် လှူလို့ရပါတယ်။

Voice : တောင်တက်လမ်းတွေက နတ်နန်းတွေနဲ့ ဘုရားပရိဝုဏ်အတွင်းက နတ်နန်းတွေကိုရော ကန်ထရိုက်စနစ်နဲ့ အလှူငွေ ကောက်ခံခွင့် ပေးထားတာတွေ ရှိသလား ခင်ဗျ။

Dr. KS : နတ်နန်းတွေကျတော့ အရင်လုပ်တဲ့ သူတွေကို ပြန်ပြီးတော့ ကန်ထရိုက်စနစ်နဲ့ လုပ်ခွင့်ပေးထားတယ်။ နတ်နန်းတွေ ဆိုတာက ကျိုက်ထီးရိုးဆံတော်ရှင် အနေနဲ့ မသက်ဆိုင်သလို ဖြစ်နေတော့ သူတို့ကိုပဲ ပြန်ပြီး လုပ်ကိုင်ခွင့်ပေးထာတယ်။ အဲ့လိုမျိုး  လုပ်ကိုင်ခွင့် ပေးထားတာကလည်း ခြောက်ခုလောက်တော့ ရှိတယ်။ ကန်ထရိုက်စနစ်ကတော့ တစ်ရာသီအတွက် ကြိုပြီး နတ်နန်းတစ်ခုရဲ့ တန်ရာတန်ကြေးကို ကောက်ယူလိုက်တာပါ။

Voice : ကန်ထရိုက်စနစ်နဲ့ ခြောက်ခုလောက် ပေးထားတာဆိုတော့ ကျိုက်ထီးရိုးလာတဲ့ ဘုရားဖူးတွေကို စိတ်အနှောင့်အယှက် ဖြစ်စေအောင် အတင်းလိုက် အလှူခံနေတာတို့၊ ငွေလိုက်တောင်းတဲ့ အပြုအမူတို့တွေ ရှိနေသေးရင်ကော၊ ဘုရားဖူးတွေ အနေနဲ့  အဆင်မပြေမှုတွေကို ဘယ်ဌာနကို တိုင်လို့ရပါသလဲ။ ဆက်သွယ်လို့ရမယ့် ဌာနတို့၊ ဖုန်းနံပါတ်တို့ ရှိပါသလား။

Dr. KS : အဲ့လိုဖြစ်လာရင် ကျိုက်ထီးရိုးဂေါပကကို တောင်ပေါ်မှာ လာတိုင်လို့ ရပါတယ်။ နတ်နန်းတွေကိုလည်း အလှူခံတာတွေနဲ့ ပတ်သက်ပြီး စည်းကမ်းချက်တွေ ထုတ်ပြန်ထားတယ်။ ဘုရားဖူးပြည်သူတွေ  စိတ်အနှောင့်အယှက်ဖြစ်အောင် အလှူခံတာမျိုး မလုပ်ဖို့ ညွှန်ကြားထားပြီးသားပါ။

Voice : နောက်ဆုံး ဘာဖြည့်ပြောချင်ပါသလဲ ခင်ဗျာ။

Dr. KS : ကျွန်တော်တို့မှာ ပြဿနာက အမှိုက်ပစ်တဲ့ ပြဿနာပါ။ ရင်ပြင်တော် သန့်ရှင်းရေးအတွက် ဝန်ထမ်းတွေ ထားထားပေမယ့် ဘုရားဖူးတွေရဲ့ စားကြွင်းစားကျန်တွေ၊ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်စေချင်တာပါပဲ။ အမှိုက်ပုံးတွေကိုလည်း အလုံအလောက် ထားပြီးသားပါ။ ဘုရားဖူးတွေကို ကိုယ့်တာဝန် ကိုယ်ကျေပြီးတော့ စနစ်တကျ စွန့်ပစ်စေချင်ပါတယ်။

Voice : ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။            

ဇေယျာဟိန်း



FOLLOW US