News

POST TAGGED AS

ကျိုက်ထီးရိုး

ကျိုက်ထီးရိုးရှိ ရိုးရိုးလေးဟိုတယ် ခွင့်ပြုချက်မဲ့ အခန်းများ စဖျက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၊ ပရိဝုဏ်အတွင်း ရိုးရိုးလေးဟိုတယ်က ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသည့် အဆောက်အအုံ အမြင့်ပေ ၃၀ နှင့် အထက် အခန်းများကို စတင်ဖျက်သိမ်းနေကြောင်း ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနနှင့် အဆိုပါ ဟိုတယ် တာဝန်ရှိသူများထံမှ စုံစမ်းသိရရှိသည်။

“ဖျက်သိမ်းဖို့ကို ညွှန်ကြားထားပြီးသားပါ။ ပိုတဲ့ အခန်းတွေ အားလုံးကို ဖျက်ခိုင်းထားတယ်။ ၁၀၆ ခန်းထဲမှာမှ အဆောင် ၆ နဲ့ ၇ ကို ဖျက်ခိုင်းထားတယ်။ လောလောဆယ်တော့ လိုင်စင်ခွင့်ပြုထားတဲ့ ၁၃၅ ခန်းကို ဧပြီလကုန်အထိ ယာယီလုပ်ကိုင်ခွင့် ပြုထားပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။

ရိုးရိုးလေးဟိုတယ်သည် ကျိုက်ထီးရိုးစေတီတော်ရှိ ပရဝုဏ်အတွင်း ခွင့်ပြုချက်မရှိပဲ အမြင့်ပေ ၄၀ ရှိသော အဆောင်အမှတ်  ၆ နှင့် အမြင့် ပေ ၅၀ ရှိသော အဆောင်အမှတ် ၇ တို့ ရှိ အခန်း ၁၀၆ တို့ကို ဖျက်သိမ်းရန် ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာနနှင့် ၂၀၁၆ ခုနှစ်လယ်ပိုင်းက ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“ပေသုံးဆယ်အထက်မြင့်တဲ့ အခန်းတွေကို ဖျက်နေတာပါ။ အခန်းအရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာက ပြောဖို့ခက်တယ်။ အခုဖျက်တာက ထမင်းစားခန်းတွေနဲ့ စတိုခန်းတွေလည်းပါတဲ့ အတွက် အခန်းအရေအတွက် အတိအကျ မသိနိုင်သေးဘူး” ဟု ရိုးရိုးလေးဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရိုးရိုးလေးရှိဟိုတယ် အနေနှင့် ဧည့်သည်လက်ခံခြင်းကို လက်ရှိတွင် မပြောင်းလဲးသေးကြောင်း၊ ကျိုက်ထီးရိုး စေတီတော်သို့ နှစ်စဉ်လာရောက်သည့် ဧည့်သည်အရေအတွက်နှင့် ရှိနေသော ဟိုတယ်အခန်းအရေအတွက် လုံလောက်မှု မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဟိုတယ်လိုင်စင်ဆိုင်ရာ စည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့သည့်အတွက် ရိုးရိုးလေးဟိုတယ်၏ လုပ်ငန်းလိုင်စင်ကို ဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေပုဒ်မ ၁၉ အရ ဖျက်သိမ်းထားကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ ပုဒ်မ ၁၉ တွင် လိုင်စင်စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ ဦးစီးဌာန၏ ခွင့်ပြုချက်မရဘဲ လုပ်ငန်းကို လွှဲပြောင်း လုပ်ကိုင်စေခြင်း၊ လိုင်စင်ကို လွှဲပြောင်းရောင်းချခြင်း စသည့် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ဦးစီးဌာနအနေဖြင့် လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း (သို့မဟုတ်)  လိုင်စင် ပယ်ဖျက်နိုင်သည်ဟု ပါရှိသည်။

J-14



FOLLOW US