News

POST TAGGED AS

ကိုယ်စားလှယ်

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနှင့် ဒေါ်သက်သက်ခိုင်တို့ကို NLD ပါတီတာဝန်မှရပ်ဆိုင်း

ရန်ကုန်၊ စက်တင်ဘာ ၁

ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ကို NLD ပါတီတွင်း တာဝန်များမှ ရပ်ဆိုင်းလိုက်ကြောင်း ယင်းပါတီထံမှ သိရသည်။

ဒေါ်သက်သက်ခိုင်နှင့် ဦးကျော်ဇေယျတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဒဂုံမြို့နယ်အလုပ် အမှုဆောင်အဖွဲ့ဝင်များဖြစ်ပြီး ယင်းတာဝန်များမှ ရပ်ဆိုင်းခံလိုက်ရခြင်းဖြစ်သော်လည်း ပါတီဝင်အဖြစ် ဆက်ရှိနေသေးကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“ကျွန်တော်ရယ် ဒေါ်သက်သက်ခိုင်ရယ်ကို ပါတီတာဝန်က ရပ်ဆိုင်းလိုက်တဲ့စာ ရတယ်ပေါ့။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တော့ မသိဘူး”ဟု ၎င်းကဆိုသည်။

၎င်းတို့ကို ပါတီတာဝန်မှရပ်ဆိုင်းသည်ဟုသာ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ပါတီမှထုတ်ပယ်ခြင်း မဟုတ်ဟုလည်း ပြောကြားခဲ့ကြောင်း ဒေါ်သက်သက်ခိုင်က ပြောဆိုသည်။

“ပါတီတာဝန်က ရပ်ဆိုင်းတယ်လို့ ပြောတယ်။ ပါတီက ထုတ်တာလားဆိုတော့ မဟုတ်ဘူးတဲ့”ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ NLD ပါတီပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းဖြေကြားခြင်း မရှိခဲ့ပေ။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးသည် အစိုးရအပေါ် ဝေဖန်ထောက်ပြမှုများ သတင်းမီဒီယာ စာမျက်နှာများတွင် ပြုလုပ်မှု၊ ပြုလုပ်ခြင်းကြောင့် ထင်ရှားသည့် ကိုယ်စားလှယ်များလည်းဖြစ်သည်။

ဒေါ်သက်သက်ခိုင်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဒေါ်လာဈေး ကယက်နှင့် စီးပွားရေး မူဝါဒများနှင့်ပတ်သက်၍ အစိုးရကို ဝေဖန်ထောက်ပြမှုအချို့ သတင်းမီဒီယာစာမျက်နှာပေါ်မှ ပြုလုပ်ခဲ့သည်။

၎င်းတို့ နှစ်ဦးအပြင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသိန်းဝင်းကိုလည်း ပါတီမှထုတ်ပယ်ကြောင်း ကြေညာချက်တစ်စောင် ဩဂုတ်လ ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။

J-08



FOLLOW US