News

POST TAGGED AS

ကုန်တင်ပို့မှု

မြန်မာ-အိန္ဒိယနယ်စပ် ကုန်တင်ပို့မှု လျော့နည်း
ကလေး၊ ဇူလိုင် ၂၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့နယ်ရှိ မြန်မာ-အိန္ဒိယနယ်စပ်သို့ ကုန်စည်တင်ပို့မှုသည် ဒေါ်လာဈေးတက်ခြင်းနှင့် ကွမ်းသီးများတင်ပို့မှု ရပ်နားခံရခြင်းတို့ကြောင့် ယခင်နှစ်ကထက် နည်းပါးနေကြောင်း ကလေးမြို့ရှိ ကုန်စည်တင်ပို့သည့် ဂိတ်ပိုင်ရှင်များထံမှ သိရသည်။ 

ဒေသထွက်ကွမ်းသီးနှင့် တရုတ်နိုင်ငံထုတ် အဝတ်အထည်များသည် တရုတ်နိုင်ငံမှတစ်ဆင့် ကလေးမြို့သို့ ရောက်ရှိကာ ကလေးမြို့မှတစ်ဆင့် ကလေး- တီးတိန်- ရိခေါဒါရ် လမ်းအတိုင်း မြန်မာအိန္ဒိယ နယ်စပ်ဖြစ်သည့် ရိခေါဒါရ်နယ်စပ်သို့ ကားများဖြင့် တင်ပို့ကြခြင်းဖြစ်ကြောင်း ယင်းဒေသခံကုန်သည်များက ပြောကြားသည်။

ယင်းသို့ တင်ပို့သည့် ကုန်စည်များအနက် အဓိကပို့ကုန်ဖြစ်သည့် ကွမ်းသီးကို ရိခေါဒါရ်မြို့နယ်စပ် ဂိတ်ပေါက်မှဝင်လာမှုကို အိန္ဒိယနိုင်ငံမှ တားမြစ်ခဲ့သည့်အတွက် ကွမ်းသီးတင်ပို့မှုလည်း ရပ်ဆိုင်းခဲ့သည်။

ရိခေါဒါရ် နယ်စပ်မှ အိန္ဒိယနိုင်ငံသို့ ပြည်တွင်းကုန်သည်များ တင်ပို့နေသည့် တရုတ်နိုင်ငံထုတ် အဝတ်အထည်နှင့် နိုင်ငံခြား ထုတ်ကုန်ပစ္စည်းများမှာလည်း ဒေါ်လာဈေးနှင့် တရုတ်ငွေဈေးမြင့်တက်ပြီး အိန္ဒိယ ငွေဈေးရပ်တန့်နေသဖြင့် ကုန်သည်များ အရှုံးပေါ်ရာမှ အဝတ်အထည်နှင့် အစားအသောက် ကုန်စည်တင်ပို့မှုမှာလည်း ရပ်တန့်လုနီးပါးဖြစ်နေပြီး အနည်းအကျဉ်းသာ သွားနေသည့်အတွက် ကုန်စည်တင်ပို့မှု နည်းပါးနေခြင်းဖြစ်ကြောင်း ကလေးမြို့ရှိ ကုန်စည်တင်ပို့သည့် ယာဉ်လိုင်းများမှ ဂိတ်ပိုင်များက ပြောဆိုသည်။ 

“ကားအစီးရေကများ ကုန်စည်ကနည်းနဲ့ နားနေရတဲ့ကားတွေ အများကြီး”ဟု ကုန်စည်တင်ပို့သည့် ပန်းချယ်ရီယာဉ်လိုင်းမှ ဂိတ်မှူး ဦးမြင့်လွင်က ပြောဆိုသည်။ 

ကလေးမြို့မှ ရိခေါဒါရ်မြို့သို့ ယခုနှစ် မိုးရာသီကာလ ကုန်စည်တင်ပို့ခအနေဖြင့် ကုန်အပေါ့ တစ်ပိဿာလျှင် မြန်မာငွေကျပ် ၁၈၀ မှ ၂၀၀ ကျပ်၊ စားသောက်ကုန် တစ်ပိဿာလျှင် ငွေကျပ် ၁၀၀ မှ ၁၂၀ ကျပ်ဖြင့် တင်ပို့နေပြီး တစ်ရက်လျှင် ကုန်ပိဿာချိန် ၅၀၀၀ နှင့် ၆၀၀၀ ရှိ ကား ၇ စီးခန့်သာ သွားလာနေပြီး ယခင်နှစ် မိုးရာသီက တစ်ရက်လျှင် ကားအစီးရေ ၁၅ စီးကျော် တင်ပို့နိုင်ခဲ့ကြောင်း ယာဉ်လိုင်းဂိတ်များထံမှ သိရသည်။

ကလေးမြို့မှ ရိခေါဒါရ်မြို့သို့ အဝတ်အထည်နှင့် စားသောက်ကုန်များတင်ပို့နေပြီး အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ရိခေါဒါရ် နယ်စပ်မှဝင်လာသည့် ကုန်စည်သည် ဓာတ်မြေဩဇာ၊ မြေဆီနှင့် ဆံပင်ကျွတ်များ အများဆုံး ဝင်ရောက်နေကြောင်း ရိခေါဒါရ် နယ်စပ်ကုန်သည်များထံမှ သိရသည်။ 

R-20



FOLLOW US