News

POST TAGGED AS

ကုန်တင်ပို့မှု

မိုးဆက်တိုက်ရွာပြီး လမ်းချော်၍ ကလေး -ရိ လမ်းပိုင်း ကားအသွားအလာ ရပ်ဆိုင်း


ကလေး၊ ဇူလိုင် ၂၂ 

မြန်မာ- အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်ပြီး ချင်းပြည်နယ် ရိခေါဒါရ် မြို့နှင့် စစ်ကိုင်းတိုင်း ကလေးမြို့ကို ဆက်သွယ်သွားလာသည့် ကလေး- တီးတိန်- ရိလမ်းပိုင်းတွင် ဇူလိုင်လ ၂၁ ရက်နေ့မှစ၍ မိုးဆက်တိုက်ရွာနေပြီး ကားလမ်းချော်နေသဖြင့် မော်တော်ယာဉ်များ အသွားအလာ ရပ်ဆိုင်းခဲ့ကြောင်း ယာဉ်မောင်းများထံမှ စုံစမ်းသိရှိရသည်။ 

မိုးရွာသွန်းနေမှုကြောင့် ကားလမ်းချော်သဖြင့် မံဆောင်းတံတားသို့ ရောက်ရှိနေသည့်ကားများသည် ရိခေါဒါရ်ဘက်သို့ ဆက်မတက်ရဲသကဲ့သို့ အဆင်းကားများမှာလည်း လမ်းချော်ပြီး ချောက်ထဲကျမည်ကို စိုးရိမ်သည့်အတွက် အတက်အဆင်းမလုပ်ဘဲ မိုးအတိတ်ကိုစောင့်ဆိုင်းနေရာမှ ဇူလိုင်လ ၂၂ရက်နေ့ နေ့လယ်အထိ ကုန်တင်ယာဉ်များ သွားလာမှုရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်ကြောင်း ကလေး-ရိ ကုန်တင်ယာဉ်မောင်း ဦးညိုချောက ပြောကြားသည်။

“ဒီအဆင်းက လမ်းကျဉ်းတယ်။ ကားနည်းနည်း လမ်းချော်လိုက်တာနဲ့ ချောက်ထဲပဲဆိုတော့ အတက်ရော အဆင်းရော ကားသမားတွေ မိုးတိတ်တဲ့အထိ စောင့်နေကြတာ”ဟု ၎င်းက ဆိုသည်။ 

တီးတိန်မြို့နှင့် ရိခေါဒါရ်မြို့အကြား ရိခေါဒါရ်မြို့မှအလာ မံဆောင်းတံတား အဆင်း ၇ မိုင်ခန့်အရှည်ရှိသည့် ကားလမ်းမှာ အဆင်းမတ်စောက်သည့်အပြင် လမ်းကျဉ်းသည့် နေရာတစ်ခုလည်းဖြစ်ကြောင်း ယာဉ်မောင်းများက ပြောဆိုသည်။

ချင်းပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းပြီးနောက် ကားလမ်းချော်ခြင်း၊ တောင်ကမ်းပါးယံမြေပြိုကျပြီး လမ်းပိတ်ခြင်းတို့ဖြစ်ပေါ်လျက်ရှိရာ ဇူလိုင်လ ၂၁ ရက်နေ့က ကလေးမြို့နှင့် ချင်းပြည်နယ် ဖလမ်းမြို့အကြား မိုင် ၈၀ ကျော် ကွာဝေးသည့် ကားလမ်းရှိ မိုင်တိုင် ၄၅ အနီးတွင် မြေပြိုခဲ့သဖြင့် ကားအစီးရေ ၅၀ ကျော် ပိတ်မိခဲ့သည်။

ယင်းနေရာ လမ်းပွင့်ပြီးနောက် ညပိုင်းမိုးထပ်ရွာပြီး မြေပြိုမှု ထပ်မံဖြစ်ပွားနေသော်လည်း လမ်းရှင်းပေးနေသဖြင့် သွားလာ၍ ပြန်ရနေပြီဖြစ်ကြောင်း ဖလမ်း-ကလေး ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။

R-20



FOLLOW US