News

POST TYPE

SUMMER SPECIAL

ပညာရေးကောလိပ်အားလုံး တစ်ပြိုင်နက် အဆင့်မြှင့်မည်
14-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၃

မြန်မာနိုင်ငံအတွင်းရှိ ပညာရေးကောလိပ်အားလုံးကို လာမည့်နှစ် ဒီဇင်ဘာလမှစတင်ကာ ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ တက်ရောက်နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။

ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက “တက္ကသိုလ်ဝင်ခွင့်အတိုင်းပဲ ဆယ်တန်းအောင်မှတ်နဲ့ ရွေးမှာ။ လောလောဆယ်မှာက ဆယ်တန်းအောင်မှတ်နဲ့ပဲ တက္ကသိုလ်ဝင်ခွင့်ရွေးချယ် ကြတာဖြစ်တဲ့အတွက် ၂၀၁၉ ကျရင်လည်း ဆယ်တန်းအောင်လာတဲ့ ကလေးတွေကနေပဲရွေးမှာ”ဟု ပြောကြားသည်။

၂ နှစ်သင်ပညာရေးကောလိပ်မှ ၄ နှစ်သင်ပညာရေးဒီဂရီကောလိပ်အဖြစ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ရန် ပထမနှစ်သင်ရိုးရေးဆွဲထားပြီး ဖြစ်ကြောင်းနှင့် သင်တန်းပြီးပါက B.A(Education) နှင့် B.Sc(Education) ဘွဲ့များပေးရန် လတ်တလောစီစဉ်ထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောဆိုသည်။

ရန်ကင်း၊ သင်္ဃန်းကျွန်း၊ လှည်းကူး၊ မန္တလေး၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ မုံရွာ၊ စစ်ကိုင်း၊ ကသာ၊ ဟားခါး၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ မကွေး၊ ပခုက္ကူ၊ လွိုင်ကော်၊ ကျောက်ဖြူ၊ ပြည်၊ တောင်ငူ၊ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ် စသည့်ပညာရေး ကောလိပ်များကို တစ်ပြိုင်နက်အဆင့်မြှင့်မည်ဖြစ်သည်။

ယခင်က ပညာရေးကောလိပ်များမှ D.T.E.D လက်မှတ်ရရှိထားသူများအတွက်လည်း အဆင့်မြှင့်တင်မည့် ပညာရေးဒီဂရီကောလိပ်များ၌ B.A(Education)၊ B.Sc(Education) စာပေးစာယူဘွဲ့ သင်တန်းများကို ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

လောလောဆယ်အနေနှင့် ပညာရေး ကောလိပ်ဆင်းများအတွက် B.A (Education)၊ B.Sc(Education) စာပေးစာယူဘွဲ့သင်တန်းများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဖွင့်လှစ်မည်ဖြစ်သည်။

J-19