News

25-Oct-2018
မန်ယူကွင်းလယ်ကစားသမာဟောင်း ပေါလ်စခိုးသည် မန်ယူနည်းပြ မော်ရင်ညိုမှာ အသင်းကို တာဝန်ယူခွင့်ရစဉ်ကာလအတွင်း ကစားသမားခေါ်ယူမှုများအားလုံးနီးပါးတွင် အမှားအယွင်းများရှိခဲ့သည့်အတွက် အသင်းဒါရိုက်တာဘုတ်အဖွဲ့က ၎င်းကို ယုံကြည်မှုကင်းမဲ့ကာ ငွေသုံးစွဲခွင့် ထိန်းသိမ်းကန့်သတ်လိုက်ခြင်းဖြစ်ဖွယ်ရှိကြောင်း သုံးသပ်ထောက်ပြလိုက်သည်ဟု Daily Star က ဖော်ပြထားသည်။
25-Oct-2018
နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်တီးစ်သည် လာမည့် ၁၀ နှစ်အတွင်း ဘောလုံးလောက မပျက်စီးစေရန်အတွက် ဥရောပစူပါလိဂ်ကို မဖြစ်မနေ တည်ထောင်ရလိမ့်မည်ဟု မှတ်ချက်ပေးပြောကြားလိုက်ပြီး ယင်းပြိုင်ပွဲကို ထိပ်သီးလိဂ်ပြိုင်ပွဲငါးခုမှ အသင်းများနှင့်သာ ဖွဲ့စည်းရန်လည်း ဒီလော်ရန်တီးစ်က ဆက်လက် တိုက်တွန်းသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Oct-2018
အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် ၎င်းတာဝန်ယူခွင့်ရစဉ်ကာလအတွင်း အာဆင်နယ်ကို ဥရောပဘောလုံးလောက၏ဖျော်ဖြေမှုရသ အပေးစွမ်းနိုင်ဆုံးသောအသင်းဖြစ်လာစေရန် ပုံဖော်တည်ဆောက်သွားမည်ဟု အသိပေးလိုက်ပြီး အာဆင်နယ်၏ကစားသမားအစုအဖွဲ့မှာ လက်ရှိတွင် တစ်ပွဲထက်တစ်ပွဲ ၎င်းအလိုရှိသကဲ့သို့ ပီပြင်စွာကစားလာနိုင်ခဲ့ပြီဖြစ်သည်ဟုလည်း အမ်မရီက မှတ်ချက်ပေးသွားခဲ့သေးကြောင်း The Mirror က ဖော်ပြထားသည်။
25-Oct-2018
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူမှာ ၂ နှစ်အတွင်း ကစားသမားသစ်များခေါ်ယူရန်အတွင် ပြောင်းရွှေ့ကြေးစုစုပေါင်း ပေါင် ၃၆၇ ဒသမ ၅ သန်း သုံးစွဲခဲ့သည်ကို များလွန်းနေပြီဟု မထင်မြင်မိရန်လိုကြောင်း ပြောကြားလိုက်ပြီး မော်ဒန်ခေတ်ဘောလုံးလောကတွင် ကစားသမားကောင်းများကို ငွေအလုံးအရင်းအသုံးပြု၍ စုစည်းထားနိုင်သောအသင်းများကသာလျှင် အောင်မြင်မှုရရှိရန်အတွက် အာမခံချက်ရှိသည်ကို မန်ယူဒါရိုက်တာဘုတ်အ၀င်များအနေနှင့် နားလည်သဘောပေါက်ရန် လိုအပ်သည်ဟုလည်း မော်ရင်ညိုက တိုက်တွန်းလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
25-Oct-2018
ချယ်လ်ဆီးအသင်းသည် လက်ရှိဘောလုံးရာသီတွင် နည်းပြ ကွန်တီ လုပ်ငန်းခွင် ပြန်ဝင်ခဲ့မည်ဆိုပါက ၎င်းကို ရာထူးထုတ်ပယ်ခဲ့စဉ်က ကုန်ကျခဲ့သော လျော်ကြေးပမာဏကို ပြန်လည်ရရှိလိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
25-Oct-2018
ရီးရဲလ်မက်ဒရစ်အသင်းသည် အသင်းနည်းပြ လိုပီတီဂွီကို ရာထူးထုတ်ပယ်မည်ဆိုပါက လျော်ကြေးပေါင် ၁၆ သန်း ပေးချေရလိမ့်မည်ဖြစ်ပြီး ပလာဇန်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြီးတွင် ရီးရဲလ်မက်ဒရစ်မှာ ပြိုင်ပွဲအရပ်ရပ်၌ ငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သည့်အခြေအနေကို ရပ်တန့်လိုက်နိုင်သော်လည်း နည်းပြ လိုပီတီဂွီ၏အနာဂတ်ကမူ အာမခံချက်အပြည့်အ၀ ရရှိခြင်း မရှိသေးကြောင်း Marca က ဖော်ပြထားသည်။
24-Oct-2018
မန်ယူအသင်းသည် ဂျူဗင်တပ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ခုနစ်နှစ်တာကာလအတွင်း ပွဲစဉ်တစ်ပွဲကို လူစားမလဲဘဲနှင့် ပထမဆုံးအကြိမ်ဖြတ်သန်းခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
24-Oct-2018
ချယ်လ်ဆီးအအသင်းသည် ဘယ်နောက်ခံကစားသမား မားကို့စ်အလွန်ဆိုကို ငါးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ အလွန်ဆိုမှာ ၂၀၂၃ ခုနှစ် ဇွန်လတိုင်သည်အထိ ချယ်လ်ဆီးထံတွင် ဆက်ရှိနေတော့မည်ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
23-Oct-2018
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ချယ်လ်ဆီးနှင့် မန်ယူတို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲပြီးခါနီး၌ ချယ်လ်ဆီးနည်းပြအဖွဲ့ဝင် အီယန်နီနှင့် မန်ယူနည်းပြ မော်ရင်ညိုတို့ ထိပ်တိုက်တွေ့ခဲ့ကြသည့်ဖြစ်စဉ်၌ မော်ရင်ညိုကို အရေးယူမည့်အစီအစဉ်မှနေ၍ ကင်းလွတ်ခွင့်ပေးလိုက်ကာ အီယန်နီကိုသာ စွဲချက်တင်လိုက်ကြောင်း The Sun ဖော်ပြထားသည်။
23-Oct-2018
ရီးရဲလ်မက်ဒရစ်အသင်းသည် အသင်းနည်းပြသစ်အဖြစ် ကွန်တီကို ခေါ်ယူခန့်အပ်ခဲ့ပါက ၎င်းတို့လွန်စွာခေါ်ယူလိုလျက်ရှိသော ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို လက်လွှတ်လိုက်ရလိမ့်မည်ဖြစ်ကြောင်း AS က ဖော်ပြထားသည်။
23-Oct-2018
ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူသည် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သော ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို အသင်းထံသို့ ပြန်လည်ခေါ်ယူရန် အစီအစဉ်မရှိဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Marca က ဖော်ပြထားသည်။
23-Oct-2018
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းဟောင်းတစ်သင်းဖြစ်သော ရီးရဲလ်မက်ဒရစ်က ၎င်းကိုခေါ်ယူရန် ကမ်းလှမ်းမှုများရှိလာခဲ့လျှင်လည်း လက်ခံမည်မဟုတ်ဘဲ မန်ယူအတွက်သာ အာရုံစူးစိုက်မှုအပြည့် ဆက်လက်ထားရှိပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်ဟု BBC က ဖော်ပြထားသည်။
23-Oct-2018
အာရှဘောလုံးအဖွဲ့ချုပ်က ဦးဆောင်ကာကျင်းပမည့် ၂၀၁၉ ခုနှစ် အာရှယူ-၂၀ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွင် ထိပ်ဆုံးသုံးသင်းအတွင်း ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း မြန်မာယူ-၁၉ အသင်း နည်းပြချုပ် ဦးတင်မောင်ဌေးက ပြောကြားသည်။ ပြိုင်ပွဲ၏ ခြေစစ်ပွဲများကို ဒီဇင်ဘာလ၂ ရက်မှ ၆ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ခြေစစ်ပွဲအောင်မြင်မည့် ထိပ်ဆုံးသုံးသင်းတွင် ပါဝင်ရန် ပစ်မှတ် ထားယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။