News

POST TYPE

SPORTS

တာစတီဂန်ကို ခေါ်ယူရန် မန်စီးတီးအသင်း ပြင်ဆင်
11-Jul-2016

မန်ချက်စတာ၊ ဇူလိုင် ၁၀

မန်စီးတီးအသင်းသည် ဂိုးသမားနေရာကို အင်အားဖြည့်တင်းရန်အတွက် ဘာစီလိုနာထံတွင် အရန်ဂိုးသမားအဖြစ် အချိန်ကုန်ဆုံးနေရသည့် ဂျာမနီလက်ရွေးစင် ဂိုးသမားတစ်ဦးဖြစ်သူ တာစတီဂန်ကို ခေါ်ယူရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

တာစတီဂန်သည် အစောပိုင်း၌ ဘာစီလိုနာထံတွင် ကစားသမားဘဝ ဆက်လက်ဖြတ်သန်းရန် ရည်မှန်းထားခဲ့သော်လည်း လက်ရှိတွင် လီဗာပူး ဂိုးသမားဟောင်း ရေနာကို ခေါ်ယူရန် ဘာစီလိုနာက ပြင်ဆင်လိုက်သည့်အတွက် အသင်းပြောင်းရွှေ့ ကစားရေးကို ၎င်းက ပြန်လည်သုံးသပ်စဉ်းစားလိုက်ခြင်း ဖြစ်သည်။

တာစတီဂန်သည် ဘာစီလိုနာထံသို့ ရေနာ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါက ၎င်း၏ ပွဲထွက်ခွင့်များ ပျောက်ဆုံးလုနီးပါး ဖြစ်သွားနိုင်သည်ဟု ယုံကြည်ယူဆနေပြီး လက်ရှိ ဇူလိုင်လ အတွင်း၌ တာစတီဂန် အပြောင်းအရွှေ့ကို အဆုံးသတ်နိုင်စေရန် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယူဆထားသည်။

ဂွါဒီယိုလာသည် ယခုမတိုင်မီတွင် ဘာစီလိုနာအသင်း ပွဲထွက်ဂိုးသမား ဘရာဗိုကို ခေါ်ယူရန် အထိပင် ပစ်မှတ်ထားခဲ့ဖူးပြီး တာစတီဂန်ကို မန်စီးတီးအသင်း ခေါ်ယူရရှိခဲ့မည် ဆိုပါက လက်ရှိ ပွဲထွက်ဂိုးသမား ဂျိုးဟတ်၏ အခန်းကဏ္ဍမှာ မရေရာမှုများဖြင့် ပြည့်နှက်သွားတော့မည်လည်း ဖြစ်သည်။

ဂျိုးဟတ်သည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အင်္ဂလန်လက်ရွေးစင် အသင်းကို ကိုယ်စားပြု၍ ပွဲထွက်ကစားခဲ့ရာ၌ အမှားအယွင်း လွန်စွာများလွန်းခဲ့ပြီး ယင်းအချက်ကြောင့်ပင် ၎င်းနေရာ၌ အစားထိုးမည့် ဂိုးသမားသစ်တစ်ဦးကို ရှာဖွေရန် နည်းပြ ဂွါဒီယိုလာက စိုင်းပြင်းလာခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာသည် တာစတီဂန်ကို ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် မိုချင်ဂလက်ဘတ်ထံမှနေ၍ လက်မှတ်ရေးထိုး ခေါ်ယူခဲ့စဉ်၌ စာချုပ်ဖျက်သိမ်းခ တန်ကြေးကို ပေါင်သန်း ၇၀ အထိ သတ်မှတ်ထားခဲ့ကာ လက်ရှိတွင်မူ ပွဲထွက်ကစားခွင့် နည်းပါးလွန်းခြင်းကြောင့် တာစတီဂန်၏ ဈေးကွက်တန်ကြေးမှာ ပေါင် ၁၅ သန်း မှနေ၍ သန်း ၂၀ အကြား လျော့ကျသွားခဲ့ပြီ ဖြစ်သည်။