News

POST TYPE

SPORTS

ပေါ့ဂ်ဘာ၏ဖခင် ကွယ်လွန်
14-May-2017
ပဲရစ်၊ မေ ၁၃

မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ၏ ဖခင်ဖြစ်သူ ဖတ်စ်ဆူး အန်တိုနီယို ပေါ့ဂ်ဘာသည် လွန်ခဲ့သည့် သောကြာနေ့၌ အဖျားရောဂါ ဝေဒနာကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ပေါ့ဂ်ဘာမိသားစုဝင်များသည် ဖတ်စ်ဆူး ကွယ်လွန်အပြီး နာရီအနည်းငယ်အကြာတွင် ယင်းသတင်းကို ပြင်သစ်သတင်းစာ Le Parisien ထံသို့ အတည်ပြု ပြောကြားလိုက်ခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဖတ်စ်ဆူး၏ အသက်မှာ ၇၉ နှစ်အရွယ် ရှိနေပြီ ဖြစ်သည်။

ပေါ့ဂ်ဘာသည် လွန်ခဲ့သည့် မတ်လ၌ ဖခင်ဖြစ်သူ၏ အသက် ၇၉ နှစ် မွေးနေ့ကို ကျင်းပပေးခဲ့သေးကာ ဖတ်စ်ဆူးမှာ ၎င်း၏ မိသားစုကို ဂီနီမှနေ၍ ပြင်သစ်သို့ ပြောင်းရွှေ့အခြေချနိုင်စေရန် အခက်အခဲများစွာ ကြားမှနေ၍ ကြိုးပမ်းပေးခဲ့သူ ဖြစ်သည်။

ဖတ်စ်ဆူးသည် အသက် ၃၀ အရွယ်တွင် မွေးရပ်ဇာတိ ဂီနီနိုင်ငံကို စွန့်ခွာ၍ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်း ဖြစ်ကာ ပြင်သစ်သို့ ရောက်ရှိချိန်တွင် ၎င်းထံ၌ ငွေတစ်ပြားတစ်ချပ်မျှ မရှိသည့်အတွက် ဘဝကို ဆင်းရဲပင်ပန်းကြီးစွာ ရုန်းကန်ခဲ့ရကြောင်း ဖတ်စ်ဆူးက ပြောကြားခဲ့ဖူးသည်။

ဖတ်စ်ဆူးသည် ပြင်သစ်အခြေစိုက် ဆက်သွယ်ရေးလုပ်ငန်း တစ်ခုတွင် အလုပ်ရပြီးသည့် နောက်တွင်မှ ဘဝရပ်တည်ရန် အဆင်ပြေသွားခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ သားများကို ၎င်းစိတ်ကူးယဉ် ရည်မှန်းခဲ့သော ဘဝအခြေအနေ၌ ထားရှိပေ နိုင်ခဲ့သည့်အတွက် လွန်စွာကျေနပ်ပီတိ ဖြစ်ရကြောင်းလည်း ဖတ်စ်ဆူးက အသိပေးခဲ့သေးသည်။

ဖတ်စ်ဆူးသည် ဂီနီနိုင်ငံတွင် နေထိုင်ခဲ့စဉ်ကာလ၌ ဘောလုံးကစားသမားတစ်ဦး အဖြစ် ဘဝကို ဖြတ်သန်းခဲ့ဖူးပြီး  ပြင်သစ်တွင် အခြေကျပြီးချိန်၌လည်း ၎င်းက ဘောလုံး ဆက်လက်ကစားခဲ့သေးသည်။ 

ဖတ်စ်ဆူးသည် နောက်ပိုင်းတွင်မူ ၎င်း၏ သားများကို ဘောလုံးနည်းစနစ်များ လေ့ကျင့်သင်ကြားပေးနိုင်ရန် အတွက် နည်းပြဘဝသို့ ကူးပြောင်းခဲ့ပြီး လက်ရှိတွင် ပေါ့ဂ်ဘာ၏ အစ်ကိုများ ဖြစ်ကြသော ဖလိုရင်တင်နှင့် မားသီးယပ်စ် အမြွာညီနောင်မှာလည်း အောင်မြင်သည့် ဘောလုံးကစားသမားများအဖြစ် ရပ်တည်ခွင့် ရနေကြပြီ ဖြစ်သည်။

ပေါ့ဂ်ဘာသည် နိုင်ငံလက်ရွေးစင်အသင်း ကိုယ်စားပြုခွင့် ရွေးချယ်ချိန်တွင် ပြင်သစ်ကို ရွေးခဲ့သော်လည်း ၎င်း၏ အစ်ကိုများ ဖြစ်ကြသော ဖလိုရင်တင်နှင့် မားသီးယပ်စ်တို့မှာ ဂီနီကို ကိုယ်စားပြုခဲ့ကြပြီး ယူရို ၂၀၁၆ ပြိုင်ပွဲကျင်းပစဉ်ကာလ၌ သားဖြစ်သူ ပေါ့ဂ်ဘာနှင့် ပြင်သစ်လက်ရွေးစင်အသင်းကို မတ်စ်ဆူးက ဘောလုံးကွင်းသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ အားပေးခဲ့သေးသည်။                
E-11