News

POST TYPE

SPORTS

ပေါ့ဂ်ဘာ အပြောင်းအရွှေ့နှင့် သက်ဆိုင်သည့် အချက်အလက်များကို ဖီဖာစစ်ဆေးမည်
10-May-2017
ဇူးရစ်ချ်၊ မေ ၁၀

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ဂျူဗင်တပ်မှနေ၍ မန်ယူထံသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၈၉ ဒသမ ၃ သန်းဖြင့် ပြောင်းရွှေ့ခဲ့သော ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ၏ အပြောင်းအရွှေ့နှင့် သက်ဆိုင်သည့် အချက်အလက်များကို စစ်ဆေးခွင့်ပေးရန် မန်ယူအသင်း တာဝန်ရှိသူများကို တောင်းဆိုလိုက်ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

ဖီဖာအုပ်ချုပ်ရေး ကော်မတီသည် မန်ယူကို ပေါ့ဂ်ဘာ အပြောင်းအရွှေ့နှင့် သက်ဆိုင်သည့် စာရွက်စာတန်းများအား ၎င်းတို့ထံသို့ လွှဲပြောင်းပေးပို့ပေးရန် စာရေးသားအသိပေးလိုက်ပြီဖြစ်ပြီး ပေါ့ဂ်ဘာ အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းရာတွင် ပါဝင်ခဲ့သူများစာရင်းနှင့် အပြောင်းအရွှေ့အတွက် ကုန်ကျစရိတ်ပမာဏ အတိအကျကို ၎င်းတို့အနေနှင့် သိရှိလိုကြောင်း ဖီဖာအုပ်ချုပ်ရေး ကော်မတီက တောင်းဆိုထားသည်။

ပေါ့ဂ်ဘာ၏အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်နေသော ရိုင်အိုလာသည် ဂျူဗင်တပ်မှနေ၍ မန်ယူထံသို့ ပေါ့ဂ်ဘာ ပြန်လည်ပြောင်းရွှေ့ရာတွင် အဓိက အခရာကျခဲ့သူဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ပြီးချိန်တွင် မန်ယူက ရိုင်အိုလာကို အေးဂျင့် အကျိုးဆောင်ခအဖြစ် ပေါင် ၂၃ သန်း ချက်ချင်း လက်ငင်း ပေးချေလိုက်ရသည်။

ဘောလုံးလောက၏ အတွင်းရေးကိစ္စများကို ဖွင့်ချဖော်ထုတ်လေ့ ရှိသော Football Leaks သတင်းဝက်ဘ်ဆိုက်သည် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ပေါ့ဂ်ဘာ အပြောင်းအရွှေ့နှင့် သက်ဆိုင်သော အသေးစိတ် အချက်အလက်များကို ဖွင့်ချဖော်ထုတ်လိုက်ပြီး အေးဂျင့်ရိုင်အိုလာကို မန်ယူပေးချေရန် သဘောတူညီထားသော အေးဂျင့်ခ ပမာဏမှာ ပေါင် ၂၃ သန်း မဟုတ်ဘဲ ပေါင် ၄၁ သန်းဖြစ်ကြောင်း ၎င်းတို့က သတင်းရေးသားခဲ့ကြသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် မန်ယူအသင်း ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က “ကျွန်တော်တို့ရဲ့ တချို့သော စာချုပ်တွေကို ပေးမပြနိုင်ပါဘူး။ အပြောင်းအရွှေ့နဲ့ သက်ဆိုင်တဲ့ အထောက်အထားတွေ အားလုံးကို လွန်ခဲ့တဲ့ သြဂုတ်လကတည်းက ဖီဖာဆီကို လွှဲပြောင်းပေးပို့ထားပြီးသားပါ”ဟု အသိပေး ပြောကြားသွားခဲ့ပြီး Football Leaks ကမူ ရိုင်အိုလာမှာ ပေါ့ဂ်ဘာ၏ စွမ်းဆောင်ရည်များအပေါ်တွင် မူတည်၍ အေးဂျင့်ခကို တစ်ဆင့်ချင်း တိုးမြှင့်ကာ ပေါင် ၄၁ သန်းသို့ ရောက်ရှိသည်အထိ ရရှိမည်ဖြစ်ကြောင်း ဆက်လက် ရှင်းပြထားသည်။

မန်ယူသည် ပေါ့ဂ်ဘာ၏ စွမ်းဆောင်ရည်များအတွက် ဂျူဗင်တပ်ကို အပိုအကျိုးခံစားခွင့် ပေါင် ၄ ဒသမ ၅ သန်းပေးချေရန် သဘောတူထားပြီး ပေါ့ဂ်ဘာကို မန်ယူက စာချုပ်သစ် ထပ်မံချုပ်ခဲ့ပါကလည်း ဂျူဗင်တပ်မှာ အပိုထပ်ဆောင်း အကျိုးခံစားခွင့် ပေါင်ငါးသန်း ထပ်မံ ရရှိလိမ့်ဦးမည်ဖြစ်သည်။


  • VIA