News

POST TYPE

SPORTS

မန်ယူနည်းပြသစ် မော်ရင်ဟိုနဲ့ ကွန်မြူနီတီဒိုင်း
07-Aug-2016

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လက်စ်တာစီးတီး အသင်းတို့ဟာ ယနေ့ (သြဂုတ် ၇ ရက်) ညမှာ ပရီးမီးယားလိဂ် ရာသီအဖွင့် ဒိုင်းပြိုင်ပွဲဖြစ်တဲ့ ကွန်မြူနီတီဒိုင်းပွဲကို ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက FA ဖလား ချန်ပီယံအဖြစ်နဲ့ ပြီးခဲ့တဲ့နှစ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းကို မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားမှာပဲ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ နည်းပြသစ် မော်ရင်ဟို လက်ထက် ပထမဆုံး အနေနဲ့ အရေးပါတဲ့ ပြိုင်ပွဲ တစ်ပွဲကို စတင် ယှဉ်ပြိုင်ကစားမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေဟာ ဒီနှစ် ကွန်မြူနီတီဒိုင်းပြိုင်ပွဲကို အထူးတလည် စိတ်ဝင်စားလျက် ရှိနေပါတယ်။

နည်းပြမော်ရင်ဟိုဟာ ယခင်တုန်းက သူ့ရဲ့ အသင်းဟောင်း ချဲလ်ဆီးအသင်းနဲ့အတူ ကွန်မြူနီတီဒိုင်းကို ၄ ကြိမ် ယှဉ်ပြိုင်ထားဖူးပြီး ၃ ကြိမ် ရှုံးနိမ့်ကာ ၁ ကြိမ်သာ အနိုင် ရရှိထားဖူးပါတယ်။ မော်ရင်ဟိုအနေနဲ့ အဲဒီလို ကွန်မြူနီတီဒိုင်းပြိုင်ပွဲမှာ အစဉ်အလာကောင်း မပိုင်ဆိုင်ထားပေမယ့်လည်း သူဟာ ယင်းပြိုင်ပွဲကို ရာသီကြိုပွဲစဉ် တစ်ခုလို သဘောမထားဘဲ ပြိုင်ပွဲကြီး တစ်ခုသဖွယ် အာရုံစူးစိုက်မှုအပြည့်နဲ့ ပြင်ဆင်လေ့ ရှိခဲ့တယ်လို့ ချဲလ်ဆီးကွင်းလယ် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ စတိဗ်ဆစ်ဒ်ဝဲလ်က ဆိုပါတယ်။

မော်ရင်ဟိုရဲ့ ချဲလ်ဆီးအသင်းနဲ့အတူ ကွန်မြူနီတီဒိုင်း ယှဉ်ပြိုင် ကစားခဲ့တဲ့ အစဉ်အလာကို ကြည့်မယ်ဆိုရင် ၂၀၀၅ ခုနှစ်တုန်းက အာဆင်နယ် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်၊ ၂၀၀၆ ခုနှစ်မှာ လီဗာပူးလ် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံး၊ ၂၀၀၇ ခုနှစ်မှာ မန်ယူအသင်းကို ပွဲချိန်အတွင်း ၁ ဂိုး ၁ ဂိုး သရေ ရလဒ် ရရှိပေမယ့် ပင်နယ်လ်တီမှာ ၃ ဂိုး-ဂိုး မရှိနဲ့ ရှုံး၊ ၂၀၁၅ ခုနှစ်မှာ အာဆယ်နယ် အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ ရှုံးဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်ထားတာ တွေ့ရမှာပါ။

ထူးခြားချက် အနေနဲ့ကတော့ မော်ရင်ဟိုအနေနဲ့ ကွန်မြူနီတီဒိုင်းပြိုင်ပွဲမှာ ရှုံးနိမ့်ပြီးတဲ့နောက် လအနည်းငယ် အကြာမှာ ချဲလ်ဆီးအသင်း မန်နေဂျာ ရာထူးကို လက်လွှတ်ခဲ့ရတာ ၂ ကြိမ်အထိ ရှိခဲ့တာပါပဲ။ ဒါပေမဲ့ ဒီနှစ်မှာတော့ မန်ယူအသင်းနဲ့အတူ ကွန်မြူနီတီဒိုင်းမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အဲဒီလို အဖြစ်အပျက်မျိုး ထပ်မံ တွေ့ရဖွယ် မရှိဘူးလို့ ယူဆရပါတယ်။

ဒါပေမဲ့ ကွန်မြူနီတီဒိုင်းပြိုင်ပွဲမှာ အနိုင်ရဖို့ဟာ မန်ယူအသင်း နည်းပြသစ် မော်ရင်ဟိုအတွက် မန်ယူအသင်း ပရိသတ်တွေရှေ့ မျက်နှာပန်းလှဖို့ အတိုင်းအတာ တစ်ခုထိ အရေးပါနေသလို အသင်းသားတွေရဲ့ စိတ်ဓါတ်ကိုလည်း မြှင့်တင်ပေးရာ ရောက်မှာဖြစ်တဲ့အတွက် မော်ရင်ဟိုနဲ့ မန်ယူအသင်းအနေနဲ့ ယနေ့ (သြဂုတ် ၇ ရက်) ညပွဲကို အာရုံစိုက် ယှဉ်ပြိုင် ကစားသွားမှာကတော့ သေချာနေပါတယ်။

Ref : Sky Sport

  • VIA