News

POST TYPE

SPORTS

ရိုးရာလက်ဝှေ့ ကမ္ဘာ့ ချန်ပီယံ လုပွဲကို Sky Net ရုပ်သံက တိုက်ရိုက် ပြသမည်
07-Aug-2016

ရန်ကုန်၊ သြဂုတ် ၇
မြန်မာ့ရိုးရာ လက်ဝှေ့ အားကစားနည်းကို ကမ္ဘာ့တလွှား ပိုမို စိတ်ပါဝင်စား လာစေရန် ရည်ရွယ်သည့် ပထမအကြိမ် ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ လုပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ၌  သြဂုတ် ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ်ရာ အဆိုပါပွဲကို Sky Net ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးဝဏ္ဏက ပြောကြားသည်။

ယခုပွဲကို Sky Net Sports 3 Channal နှင့် အခမဲ့ ရုပ်သံလိုင်းဖြစ်သည့် Channal 9 သို့မဟုတ် MNTV တို့မှ တိုက်ရိုက်ပြသ နိုင်ရန်လည်း စီစဉ်လျက်ရှိသည်ဟု ရွှေသံလွင် မီဒီယာမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပထမဦးဆုံးအဖြစ် ကျင်းပသည့်ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့သမားများနှင့် ထိုးသတ်မည့် ကစားသမားများမှာ ကမ္ဘာ့နိုင်ငံများမှ မြန်မာ့ရိုးရာ လက်ဝှေ့ကို စိတ်ဝင်စားသူအပြင် ရိုးရာ လက်ဝှေ့ကို ထိုးသတ်ဖူးသည့် အတွေ့အကြုံရှိ ကစားသမားများလည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ဒီပွဲက ပထမဦးဆုံး လုပ်တာ ဖြစ်တဲ့အတွက် အားနည်းချက်တွေ ရှိမှာပါ။ ကျွန်တော်တို့ ဒီပွဲမှာ အမှတ်ပေး စနစ်ကို ကျင့်သုံးမှာ မဟုတ်ဘဲ သရေကျရင် ပူးတွဲ ချန်ပီယံအဖြစ် သတ်မှတ်ပေးမယ်။ ပွဲမှာ တင်ဆက်မယ့် အစီအစဉ်ပိုင်းတွေကအစ အကုန်လုံး သေချာပြင်ဆင် ထားတယ်"ဟု ဦးဝဏ္ဏက ပြောကြားသည်။

ယခုပြိုင်ပွဲတွင် ပြည်တွင်း ဒိုင်လူကြီးများအပြင် သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့မှ ဒိုင်လူကြီး သုံးဦးတို့လည်း တာဝန်ယူမည်ဖြစ်ပြီး ၎င်းတို့ကို မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်တွင် သင်တန်းပေးမည်ဖြစ်ပြီး သြဂုတ် ၂၀ ရက်တွင် နိုင်ငံခြားသား ကစားသမားများကို မြန်မာ့ရိုးရာ လက်ဝှေ့ရေး ပြသနိုင်ဖို့အတွက် သင်ကြားပေးမည်ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ပြိုင်ပွဲတွင် ချီးမြင့်မည့် ဆုတံဆိပ်နှင့် ရွှေခါးပတ်များကိုလည်း ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံတို့က မှာယူထားပြီး ကျပ်သိန်း ၁၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတစ်ခုလုံး၏ ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ နှစ်သိန်းခွဲခန့် ရှိမည်ဟု ၎င်းက ပြောဆိုသည်။

ပါဝင် ထိုးသတ်မည့် တွဲဆိုင်းများမှာ ၅၄ ကီလိုတန်းတွင် စွမ်းထက်နိုင်(ဗမာ့သွေး)နှင့် ဆူပါဘော (လာအို)၊ ၅၇ ကီလိုတန်းတွင် ရဲသွေးနီ (တောင်ကလေး)နှင့် အယ်လ်ဂိုချော့ဗ် အာဇာမက် (ကာဇက်စတန်)၊ ၆ဝ ကီလိုတန်းတွင် ထွန်းလွင်မိုး (နဂါးမာန်)နှင့် အုက (ဂျပန်)၊ ၆၃ ကီလိုတန်းတွင် သားအသည်း တစ်ပွင့် (ဗမာ့သွေး)နှင့် လီယိုနာ့ဒ်(ကင် ညာ)၊ ၆၇ ကီလိုတန်းတွင် ဖျံသွေး(ရွှေမိုးထိ ငြိမ်းချမ်းရေး)နှင့် မာဆွတ် (အီရန်)၊ ၇၂ ကီလိုတန်းတွင် စောဂေါ်မူဒို (သတ္တိကလပ်)နှင့် ရှပ်ရှာကော့ဗ်အာတမ်(ရုရှား)၊ ၇၅ ကီလိုတန်းတွင် တူးတူး(နဂါးမာန်)နှင့် ဒေ့ဗ်လက်ဒပ်(ကနေဒါ)၊ ၈ဝ ကီလိုတန်းတွင် မြန်မာပြည် အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်း (ထွန်းထွန်းမင်း ကလပ်)နှင့် ချူးထိုင်း (ထိုင်း) တို့ ထိုးသတ်မည်ဖြစ်ပြီး အထူး တွဲဆိုင်းအဖြစ် အာကာသမောင်နှင့် စကြာဝဠာမောင်တို့ ထိုးသတ်မည်ဖြစ်သည်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပထမဆုံးမြန်မာ့ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲဝင်ကြေးမှာ ကျပ် သုံးသောင်း၊ နှစ်သောင်းနှင့် ငါးထောင်ဟူ၍ သတ်မှတ်ထားသည်။

အဆိုပါပွဲကို မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ ချုပ်က ကြီးမှူးပြီး AIR KBZ ၏ ထောက်ပံ့ပေးမှုဖြင့် မြန်မာမီဒီယာဂရု(ပ်)က စီစဉ်ကျင်းပခြင်းဖြစ်သည်။

  • VIA