News

POST TYPE

SPORTS

ပြည်ပပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိရန် နည်းပြမွမ်းမံသင်တန်း မြားပစ်အဖွဲ့ချုပ် ဖွင့်လှစ်ရန်စီစဉ်
13-Jul-2020


ရန်ကုန်၊ ဇူလိုင် ၁၂

၂၀၂၁ ခုနှစ် ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲနှင့် အပြည်ပြည်ဆိုင်ရာ အားကစား ပွဲများအတွက်အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်က နည်းပြမွမ်းမံသင်တန်းကို နှစ်ပတ်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် အနေနှင့် ကိုရီးယား နည်းပြချုပ် Mr. Yum Byung Sun ဦးစီးလျက် အဆင့် မြင့် မြားပစ်နည်းပြ မွန်းမံသင်တန်း (၁^ ၂၀၂၀) ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19  စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်သွားရန် ကြိုတင်စီစဉ်လျက် ရှိသည်။ 

အဆိုပါ အဆင့်မြင့် မြားပစ်နည်းပြ မွန်းမံသင်တန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနသို့ တင်ပြထားပြီး လမ်းညွှန်မှုများရရှိပါက ဇူလိုင်လ ၁၇ ရက်မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရန်ကုန် နှင့်မန္တလေးမှ မြားပစ် နည်းပြတာဝန်ထမ်းဆောင်လျက်ရှိသော နည်းပြ ဆရာ/ဆရာမ ၁၂ ဦး တက် ရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်က အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၂၀ အရှေ့ တောင်အာရှချန်ပီယံရှစ် မြားပစ်ပြိုင်ပွဲကို မေ ၉ ရက်မှ ၁၅ ရက် အထိ ရန်ကုန်မြို့ရှိ ကျိုက္ကဆံမြားပစ်ကွင်း၌ ကျင်းပရန် စီစဉ် ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ မြားပစ် အဖွဲ့ချုပ်နှင့် အရှေ့တောင်အာရှ မြားပစ် အဖွဲ့ချုပ်တို့ ညှိနှိုင်း၍ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲ ပြန်လည်ကျင်းပမည့် ရက်ကို သတ်မှတ်ရခြင်းမရှိသေးပေ။

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် အနေနှင့် ကိုရိုနာဗိုင်းရပ်စ်အခြေအနေ အပေါ်မူတည်၍ စခန်းဝင်လေ့ကျင့်မည့် ရက်ကို ပြန်လည်သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာမြားပစ်အဖွဲ့သည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲ များနှင့် ၂၀၂၁ ဗီယက်နမ် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် ပဏာမကစားသမား ၂၅ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

ချစ်ဝိုင်း