POST TYPE

SPORTS

အက်ဒ်ဝုဒ်ဝါးဒ်၏ ဖယ်ထုတ်မှုကြောင့် ဖာဂူဆန် စိတ်ထိခိုက်၊ နည်းပြသစ်ခန့်အပ်ရေး အပါအဝင် ကိစ္စများစွာ၌ ဖာဂူဆန်၏အကြံပေးမှုကို အက်ဒ်ဝုဒ်ဝါးဒ် ဆန့်ကျင်ခဲ့
27-May-2019



မန်ချက်စတာ၊ မေ ၂၆

မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်သည် အသင်းအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်က ၎င်းကို ဘေးဖယ်ထုတ်ကာ မလေးမစား ဆက်ဆံမှုများရှိလာသည့်အတွက် လွန်စွာ စိတ်ထိခိုက်နေပြီဖြစ်ပြီး အက်ဒ်ဝုဒ်ဝါးဒ်မှာ နည်းပြသစ်ခန့်အပ်ရေး အပါအဝင် ကိစ္စပေါင်းများစွာ၌ ဖာဂူဆန်၏ အကြံပေးမှုကို လက်မခံခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ဖာဂူဆန်သည် ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်သည်ကို လက်ခံခဲ့သော်လည်း အမြဲတမ်းနည်းပြရာထူးပေးရန် မသင့်တော်သေးကြောင်း အက်ဒ်ဝုဒ်ဝါးဒ်ကို အသိပေးခဲ့ကာ အက်ဒ်ဝုဒ်ဝါးဒ်မှာ ယင်းစကားကို နားမထောင်ဘဲ ၎င်းစိတ်ထင်ရာကို ဇွတ်လုပ်၍ ဆိုးလ်ရှားကို အမြဲတမ်း နည်းပြအဖြစ် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ဖာဂူဆန်သည် မန်ယူအတွက် လက်ရှိအချိန်တွင် အသင့်တော်ဆုံးသော နည်းပြမှာ ပိုချက်တီနိုသာဖြစ်သည်ဟု ထောက်ခံချက်ပေးခဲ့ပြီး ၎င်း၏ပြော စကားများကို တာဝန်ရှိသူများဘက်က အလေးထားခြင်း မရှိသည်ကို တွေ့ရှိလိုက်ရအပြီးတွင် ဖာဂူဆန်မှာ ပြိုင်ပွဲလာရောက် ကြည့်ရှုသည်ကလွဲ၍ ကျန်သည့်ကိစ္စများတွင် ဝင်မပါတော့ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ဖာဂူဆန်နှင့် အက်ဒ်ဝုဒ်ဝါးဒ်တို့သည် ဇာဟာကို ရောင်းထုတ်ရန် စီစဉ်ကတည်းကပင် သဘောထားကွဲလွဲခဲ့ခြင်းဖြစ်ပြီး ပေါ့ဂ်ဘာနှင့် ဆန်းချက်ဇ်တို့ကိုလည်း ဖာဂူဆန် တားမြစ်နေသည့်ကြားကပင် အက်ဒ်ဝုဒ်ဝါးဒ်က အသင်းအတွက် ဝယ်ယူရန် ခွင့်ပြုချက်ပေးလိုက်ခြင်းဖြစ်သည်။

ဖာဂူဆန်သည် ၎င်းအနေနှင့် မန်ယူကို နောက်ကွယ်က ကြိုးကိုင်သူတစ်ဦးအဖြစ် မလုပ်ဆောင်သွားလိုကြောင်း အတိအလင်းပြောကြားထားပြီး နည်းပြ ဆာမတ် ဘတ်စ်ဘီအလွန်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ဆိုးများ တစ်ကျော့ပြန်လည် ဖြစ်ပျက်ရန် အရိပ်အယောင်များ ထွက်ပေါ်လာသည့်အတွက် အကြံဉာဏ်ပေးခြင်းသာဖြစ်ကြောင်း ဖာဂူဆန်က ရှင်းပြထားသည်။

E-11