News

POST TYPE

SPORTS

ချယ်လ်ဆီးအသင်း နည်းပြအပြောင်းအလဲဖြစ်ရန် သေချာ၊ ဂျူဗင်တပ်ကို တာဝန်ယူရန် ဆာရီ သဘောတူလိုက်ပြီဖြစ်
26-May-2019



လန်ဒန်၊ မေ ၂၆

ချယ်လ်ဆီးအသင်းသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် နည်းပြအပြောင်းအလဲဖြစ်ရန် သေချာသွားခဲ့ပြီဖြစ်ပြီး ချယ်လ်ဆီးနည်းပြ ဆာရီ လာမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် ဂျူဗင်တပ်ကို တာဝန်ယူရန်အတွက် ချယ်လ်ဆီးနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။

ဂျူဗင်တပ်သည် အစောပိုင်း၌ စပါးနည်းပြ ပိုချက်တီနိုနှင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ယင်းနည်းပြနှစ်ဦးက တောင်းဆိုသည့် လုပ်ခလစာပမာဏမှာ မြင့်မားလွန်းသည့်အတွက် အဆုံးသတ်တွင် ဆာရီကို ခေါ်ယူရန် ဂျူဗင်တပ်အသင်းတာဝန်ရှိသူများက ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

ဂျူဗင်တပ်သည် လက်ရှိတွင် ဆာရီနှင့် အလုံးစုံသော သဘောတူညီမှုများ ရယူထားပြီဖြစ်ပြီး ဆာရီမှာ တစ်နှစ်လုပ်ခ ပေါင် ၆ ဒသမ ၁ သန်း အကျိုးခံစားခွင့်ရရှိမည့် သုံးနှစ်သက်တမ်းစာချုပ်ကို ဂျူဗင်တပ်နှင့် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း SNAI Sportnews သတင်းမီဒီယာကလည်း အတည်ပြုထားပြီဖြစ်သည်။

ဂျူဗင်တပ်သည် အသင်းနည်းပြသစ်အဖြစ် ဆာရီကို ခန့်အပ်မည့်သတင်းကို အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် တရားဝင်ကြေညာချက် ထုတ်ပြန်ပေးလိမ့်မည်ဖြစ်ပြီး အီတလီစီးရီးအေတွင် နာပိုလီအသင်းနှင့်အတူ အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည့်အချက်က ဆာရီကို နည်းပြသစ်အဖြစ် ရွေးချယ်ရန် ဂျူဗင်တပ်တာဝန်ရှိသူများကို ဆွဲဆောင်သွားခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် ဆာရီနေရာကို အစားထိုးရန်အတွက် နည်းပြသစ် စတင်ရှာဖွေနေပြီဖြစ်ပြီး ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာရန် ထိပ်ဆုံးနေရာက ရေပန်းစားနေသည်မှာ အသင်းကွင်းလယ်လူဟောင်း လမ်းပတ်ဖြစ်သည်။

ဒါဘီနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသော လမ်းပတ်သည် အက်စတွန်ဗီလာနှင့် ဒါဘီတို့ ယှဉ်ပြိုင်ကစားမည့် အင်္ဂလန်ချန်ပီယံရှစ် Play-Offs ဗိုလ်လုပွဲအပြီးတွင် ဒါဘီအသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးကာ ၎င်း၏အနာဂတ်ကို ဆုံးဖြတ်ချက်ချတော့မည်ဖြစ်ပြီး ချယ်လ်ဆီးနည်းပြသစ်လျာထားစာရင်းတွင် လမ်းပတ်နှင့်အတူ ဂျူဗင်တပ်နည်းပြဟောင်း အယ်လ်လီဂရီလည်း ပါဝင်လျက်ရှိသည်။

E-11




  • VIA