News

POST TYPE

SPORTS

ဇွန်လ ၄ ရက်နေ့တွင် အပြောင်းအရွှေ့ အပြီးသတ်နိုင်ရန် ဟားဇတ် ဆန္ဒရှိ၊ ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေသေးခြင်းကြောင့် အချိန်ကြန့်ကြာနေ
25-May-2019


လန်ဒန်၊ မေ ၂၅

ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် လာမည့်ဇွန်လ ၄ ရက်နေ့တွင် ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့မည့်ကိစ္စကို အပြီးသတ်နိုင်ရန် လိုလားလျက်ရှိပြီး ဟားဇတ် အပြောင်းအရွှေ့ အထမြောက်ရန် အချိန်ကြန့်ကြာနေရခြင်းမှာ အသင်းနှစ်သင်းအကြားတွင် ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေနိုင်ဖြစ်နေခြင်းကြောင့်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဟားဇတ်နှင့် ချယ်လ်ဆီးအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိ ဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းအားဖြင့် တစ်နှစ်တည်းသာ ကျန်ရှိတော့မည်ဖြစ်ပြီး အသင်းဘက်က တစ်ပတ်လုပ်ခလစာပေါင်သုံးသိန်း အကျိုးခံစားခွင့်ဖြင့် ကမ်းလှမ်းထားသော စာချုပ်သစ်ကို ဟားဇတ်က လက်ခံဖွယ် မရှိတော့သည့်အတွက် ၎င်းကို မဖြစ်မနေ ရောင်းထုတ်လိုက်ရတော့မည့်အခြေအနေကို ချယ်လ်ဆီးက ရင်ဆိုင်နေပြီလည်းဖြစ်သည်။

ဟားဇတ်သည် ချယ်လ်ဆီးထံတွင် ခုနစ်နှစ်ကြာ ကစားသမားဘဝဖြတ်သန်းခဲ့ပြီးပြီဖြစ်ကာ လာမည့်ဗုဒ္ဓဟူးနေ့တွင် အာဆင်နယ်နှင့်ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲ၌ ချယ်လ်ဆီးအသင်း ချန်ပီယံဖြစ်ခဲ့ပါက ၎င်းမှာ ချယ်လ်ဆီးနှင့်အတူ အဓိကဆုဖလား ငါးလုံးရယူနိုင်ခြင်းအဖြစ် မှတ်တမ်းရေးထိုးသွားနိုင်တော့မည်လည်းဖြစ်သည်။

ဟားဇတ်သည် ယူရိုပါလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားပြီးသည်နှင့် ၎င်း၏အနာဂတ်ကို အတိအကျ သိရှိခွင့်ရနိုင်ရန် လိုလားနေပြီး ချယ်လ်ဆီးမှာ ဟားဇတ်၏တန်ကြေးကို ပေါင် ၁၁၂ သန်း သတ်မှတ်တောင်းဆိုနေသော်လည်း ရီးရဲလ်မက်ဒရစ်ဘက်ကမူ အမြင့်ဆုံးအဖြစ် ပေါင် ၈၆ သန်းသာပေးမည်ဟု အကြောင်းပြန်ထားသည်။

E-11