News

POST TYPE

SPORTS

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းအရေအတွက် ၃၂ သင်းဖြင့်သာ ကျင်းပမည်ဟု ဖီဖာ ဆုံးဖြတ်
23-May-2019



လော်ဆိန်း၊ မေ ၂၃

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းအရေအတွက် ၃၂ သင်းဖြင့် လက်ရှိပုံစံအတိုင်း ဆက်လက်ကျင်းပသွားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း FIFA တရားဝင်ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

ကာတာဘောလုံးအဖွဲ့ချုပ်သည် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက မိတ်ဆက်ရန် ပြင်ဆင်နေသည့် အသင်းပေါင်း ၄၈ သင်းပါရှိသောစနစ်သစ်ကို ၎င်းတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်ပြိုင်ပွဲတွင် ပထမဆုံးအဖြစ် ထည့်သွင်းမိတ်ဆက်ပေးပါရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ကာတာဘက်က တင်ပြမှုကို လက်ခံဆွေးနွေးခဲ့အပြီးတွင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ယင်းစနစ်သစ်အတွက် အကောင်အထည်ဖော်ရမည်မှာ အလောတကြီးဆန်လွန်းခြင်းကြောင့် အဆင်ပြေနိုင်လိမ့်မည်မဟုတ်ဟု ဆုံးဖြတ်ချက်ချကာ ဖီဖာက ယင်းတောင်းဆိုမှုကို ငြင်းဆန်ပစ်လိုက်ခြင်းဖြစ်သည်။

ဖီဖာအုပ်ချုပ်ရေးကော်မတီသည် အစောပိုင်းက ဇွန်လ ၅ ရက်နေ့တွင် ကျင်းပမည့် ကွန်ဂရက်အစည်းအဝေးပွဲ၌ ယင်းကိစ္စကို နောက်ဆုံးအဆင့်ဆွေးနွေးမှုအဖြစ် ထည့်သွင်းဆွေးနွေးရန် စီစဉ်ထားခဲ့သော်လည်း လက်ရှိတွင်မူ ပယ်ဖျက်ပစ်လိုက်ပြီဖြစ်ပြီး ကာတာဘက်ကလည်း ဖီဖာ၏ဆုံးဖြတ်ချက်ကို လက်ခံကာ ၃၂ သင်းစနစ်ဖြင့်သာ ကျင်းပမည့်အစီအစဉ်ကို လက်ခံသွားခဲ့ကြောင်းလည်း ဖီဖာက သတင်းထုတ်ပြန်ထားပြီဖြစ်သည်။

ဖီဖာသည် အသင်းပေါင်း ၄၈ သင်းပါဝင်ပြီး အသင်းသုံးသင်းစီ ပါဝင်သော အုပ်စုပေါင်း ၁၆ ခုဖြင့် ပြိုင်ပွဲကျင်းပမည့်စနစ်သစ်ကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စတင်မိတ်ဆက်ပေးရန် လျာထားလျက်ရှိသည်။

ကာတာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲသည် ဆောင်းရာသီကာလတွင် ကျင်းပမည့် ပထမဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာလိမ့်မည်ဖြစ်ပြီး အစောပိုင်းက ၄၈ သင်းစနစ်ကို အသုံးပြုခွင့်ရခဲ့ပါက ပွဲစဉ်အချို့ကို ကူဝိတ်နိုင်ငံတွင် ကျင်းပနိုင်စေရန်လည်း ကာတာက စီစဉ်ထားခဲ့သေးသည်။

E-11