News

POST TYPE

SPORTS

လမ်းပတ်ကို အသင်းနည်းပြအဖြစ်ခေါ်ယူရန် ချယ်လ်ဆီး ပြင်ဆင်၊ ဂျူဗင်တပ်နည်းပြသစ်ဖြစ်လာရန် ဆာရီ ရေပန်းစား
21-May-2019

လန်ဒန်၊ မေ ၂၁

ချယ်လ်ဆီးအသင်းသည် အသင်းနည်းပြအပြောင်းအလဲဖြစ်လာရန် နီးစပ်မှုများရှိနေပြီဖြစ်ပြီး ချယ်လ်ဆီး၏နည်းပြသစ်လျာထားစာရင်း ထိပ်ဆုံးနေရာတွင်ရှိနေသူမှာ အသင်းကွင်းလယ်ကစားသမားဟောင်း လမ်းပတ်ဖြစ်သည်ဟု The Mirror က ဖော်ပြထားသည်။

ချယ်လ်ဆီးနည်းပြ ဆာရီသည် လက်ရှိအချိန်တွင် ဂျူဗင်တပ်အသင်းနည်းပြသစ်ဖြစ်လာရန် လွန်စွာ ရေပန်းစားနေပြီဖြစ်ပြီး ရိုးမားအသင်းကလည်း ဆာရီကို အသင်းနည်းပြအဖြစ် ခန့်အပ်ရန် ချိတ်ဆက်မှုများရှိနေဆဲဖြစ်သည်။

ဂျူဗင်တပ်အသင်းတာဝန်ရှိသူများသည် အသင်းနည်းပြသစ်လျာထားစာရင်းတွင် ဆာရီကို ဒုတိယဦးစားပေးနေရာ၌ ထည့်သွင်းထားပြီး အကယ်၍ စပါးနည်းပြ ပိုချက်တီနိုကို ခေါ်ယူရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပါက ဆာရီဘက်သို့ ဂျူဗင်တပ်က ဦးလှည့်လာဖွယ်ရှိနေသည်။

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် အသင်းပရိသတ်များက နှစ်ခြိုက်သဘောကျခြင်း မရှိတော့သည့် ဆာရီကို ရာထူးထုတ်ပယ်ရန် အစီအစဉ်ရေးဆွဲထားပြီဖြစ်ပြီး ဆာရီကမူ လက်ရှိအချိန်တွင် အခြားသော အကြောင်းအရာများကိုမစဉ်းစားဘဲ ယူရိုပါလိဂ်ပြိုင်ပွဲ၌ ချယ်လ်ဆီးအသင်း ချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရနိုင်ရေးကိုသာ ၎င်းအနေနှင့် ခေါင်းထဲထည့်ထားကြောင်း ထုတ်ဖော်ပြောကြားထားသည်။

စပါးကွင်းလယ်လူ ဆစ်ဆိုကိုသည် နည်းပြ ပိုချက်တီနိုမှာ လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းနှင့်လမ်းခွဲရန် သေချာနေပြီဖြစ်ကြောင်း အသိပေးထားပြီး ၎င်းအလိုရှိသည့် တစ်နှစ်လုပ်ခလစာ အကျိုးခံစားခွင့် ပေါင် ၁၇ သန်းကို ရရှိမည်ဆိုပါက ပိုချက်တီနိုမှာ ဂျူဗင်တပ်နည်းပြရာထူးကို ကျိန်းသေလက်ခံဖွယ်ရှိနေသည်။

ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို နည်းပြအဖြစ် ဦးဆောင်နေသော လမ်းပတ်သည် လက်ရှိအချိန်တွင် အသင်းကို ပရီးမီးယားလိဂ်သို့ တန်းတက်ရောက်နိုင်စေရေး နောက်ဆုံးအဆင့်ဖြစ်သော ချန်ပီယံရှစ် Play-Offs ရှုံးထွက်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးထားနိုင်ပြီဖြစ်ပြီး ချယ်လ်ဆီးအသင်း အားပေးသူများကလည်း အသင်းနည်းပြအဖြစ် လမ်းပတ်ကို တာဝန်ပေးရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာသည့်အပေါ် ဝမ်းပန်းတသာရှိနေကြသည်။

E-11