News

POST TYPE

SPORTS

အသင်းနည်းပြသစ်အဖြစ် မော်ရင်ညိုကို ခန့်အပ်သင့်ကြောင်း စီရော်နယ်ဒို အကြံပေး
21-May-2019


တူရင်၊ မေ ၂၁

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် အသင်းနည်းပြသစ်အဖြစ် ၎င်းနှင့်အတူ ရီးရဲလ်မက်ဒရစ်ထံတွင် လက်တွဲအလုပ်လုပ်ခဲ့ဖူးသော နည်းပြမော်ရင်ညိုကို ခေါ်ယူခန့်အပ်ရန် အသင်းတာဝန်ရှိသူများကို အကြံပြုတိုက်တွန်းလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

မော်ရင်ညိုနှင့် စီရော်နယ်ဒိုတို့သည် ရီးရဲလ်မက်ဒရစ်ထံတွင် လက်တွဲအလုပ်လုပ်ခဲ့ကြစဉ်ကာလအတွင်း ဆက်ဆံရေး အဆင်မပြေမှုများ ရှိခဲ့ဖူးသော်လည်း တစ်ဦးကိုတစ်ဦး အကောင်းမြင်သော မှတ်ချက်စကားများကိုသာ ယခုအချိန်အထိ ပြောကြားဆဲဖြစ်ပြီး စီရော်နယ်ဒိုက ဂျူဗင်တပ်အသင်း အလိုရှိနေသော ချန်ပီယံလိဂ်အောင်မြင်မှုကို ရယူပေးနိုင်မည့်သူမှာ မော်ရင်ညိုကလွဲ၍ အခြားမရှိဟု မှတ်ချက်ပေးသွားခဲ့သည်။

မော်ရင်ညိုသည် ၎င်းအနေနှင့် လာမည့်ဇူလိုင်လသို့ရောက်ရှိပါက လုပ်ငန်းခွင်ပြန်ဝင်တော့မည်ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားထားပြီး ဂျူဗင်တပ်အသင်းမှာ မော်ရင်ညိုကို နည်းပြသစ်လျာထားစာရင်းတွင် ထည့်သွင်းထားသော်လည်း ဦးစားပေးပစ်မှတ်အဖြစ်မူ ရည်ရွယ်ထားခြင်းမရှိကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

စီရော်နယ်ဒိုသည် ဂျူဗင်တပ်နည်းပြဟောင်း ကွန်တီကို အသင်းထံသို့ ပြန်ခေါ်မည့်အစီအစဉ်ကို ထိပ်ဆုံးက ကန့်ကွက်ထားသူဖြစ်ပြီး ကွန်တီ၏နည်းဗျူဟာများနှင့် ကစားသမားများအပေါ် စည်းကမ်းတင်းကျပ်စွာဖြင့် ခက်ထန်စွာ ဆက်ဆံခြင်းက ၎င်းအတွက် အဆင်မပြေလှကြောင်း စီရော်နယ်ဒိုက မှတ်ချက်ပေးထားသည်။

E-11