News

POST TYPE

SPORTS

အနားယူတော့မည်ဟု သတင်းများထွက်ပေါ်နေခြင်းမှာ သတင်းမှားများသာဖြစ်သည်ဟု ကာဆီးလက်စ် ရှင်းလင်း
19-May-2019


လစ္စဘွန်း၊ မေ ၁၈

ပေါ်တူဂီကလပ် ပေါ်တိုအသင်းထံတွင် ကစားသမားဘဝဖြတ်သန်းနေသော ရီးရဲလ်မက်ဒရစ်ဂိုးသမားဟောင်း ကာဆီးလက်စ်သည် ၎င်းအနေနှင့် ဘောလုံးကစားသမားဘဝဖြတ်သန်းမှုကို အဆုံးသတ်၍ အနားယူတော့မည်ဟု သတင်းများထွက်ပေါ်နေခြင်းမှာ သတင်းမှားများသာဖြစ်သည်ဟု ရှင်းလင်းပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ကာဆီးလက်စ် အနားယူတော့မည်ဟူသော သတင်းများသည် လွန်ခဲ့သည့် သောကြာနေ့က ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး ယင်းသတင်းများမှာ ၎င်းကို မေးမြန်း၍ အတည်ပြုချက်ရယူကာ ရေးသားထားသော သတင်းများမဟုတ်ကြောင်း ကာဆီးလက်စ်က ပြောကြားသွားခဲ့သည်။

ကာဆီးလက်စ်သည် လွန်ခဲ့သည့် မေလ ၁ ရက်နေ့က ပေါ်တိုအသင်းနှင့်အတူ လေ့ကျင့်ရေးဆင်းနေစဉ်တွင် နှလုံးအမောဖောက်ကာ လဲကျသွားခဲ့သည့်အတွက် ၎င်းကို အသင်းတာဝန်ရှိသူများက အရေးပေါ်အခြေအနေဖြင့် ဆေးရုံသို့ တင်ပို့ပေးခဲ့ရပြီး လက်ရှိတွင်မူ ၎င်း၏ကျန်းမာရေးမှာ တည်ငြိမ်မှုရှိသွားခဲ့ပြီဟုလည်း ကာဆီးလက်စ်က အသိပေးထားသည်။

အသက် ၃၇ နှစ်အရွယ်ရှိ ကာဆီးလက်စ်သည် ၎င်းမှာ အနားယူဦးမည် မဟုတ်ဘဲ ကစားသမားတစ်ဦးအဖြစ် ဘောလုံးလောကတွင် ဆက်လက်ကျင် လည်နေဦးမည်ဖြစ်ကြောင်းကို တွစ်တာ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးသွားခဲ့ခြင်းဖြစ်ပြီး ဆရာဝန်၏ခွင့်ပြုချက်ရရှိသည်နှင့် ၎င်းမှာ အသင်းနှင့်အတူ လေ့ကျင့်ရေးပြန်ဆင်းသွားမည်ဟု ကာဆီးလက်စ်က ပြောကြားထားသည်။

တွစ်တာလူမှုကွန်ရက်စာမျက်နှာထက်တွင် ကာဆီးလက်စ်က “ကျွန်တော် ကစားသမားဘဝကနေ အနားယူမယ့် နေ့တစ်နေ့တော့ ရောက်ရှိလာမှာပါ။ ဒါပေမဲ့ အခုတော့ မဟုတ်သေးပါဘူး။ အဲဒီအချိန်ရောက်ရင် အနားယူမယ့်အကြောင်းကို ကျွန်တော်ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်အသိပေးမှာပါ။ အခုကတော့ အေးဆေးပါပဲ။ မနေ့က ဒေါက်တာ ဖိလစ်ပီ မာဆီဒိုနဲ့ သွားရောက်ပြသခဲ့ပါတယ်။ အရာအားလုံးက အကောင်းပကတိ ပြန်ဖြစ်နေပါပြီ။ ကျွန်တော်ပြောချင်တာက လက်ရှိမှာ အနားယူဖို့ အစီအစဉ် လုံးဝမရှိသေးဘူး ဆိုတာပါပဲ”ဟု ရေးသားထားသည်။ 

E-11


  • VIA