News

POST TYPE

SPORTS

အယ်လ်လီဂရီနှင့် လမ်းခွဲတော့မည်ဟု ဂျူဗင်တပ် အတည်ပြု၊ ပိုချက်တီနိုနှင့် ကွန်တီတို့ နည်းပြသစ်ဖြစ်လာရန် ရေပန်းစား
18-May-2019


တူရင်၊ မေ ၁၈

ဂျူဗင်တပ်အသင်းသည် လက်ရှိ ဘောလုံးရာသီ ပြီးဆုံးချိန်တွင် အသင်းနည်းပြ အယ်လ်လီဂရီနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပြီဖြစ်ကာ လက်ရှိတွင် ဂျူဗင်တပ်နည်းပြသစ် ဖြစ်လာရန် ထိပ်ဆုံးနေရာက ရေပန်းစားနေသည်မှာ ပိုချက်တီနိုနှင့် ကွန်တီတို့ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။

ဂျူဗင်တပ်သည် လက်ရှိ ဘောလုံးရာသီတွင် နည်းပြ အယ်လ်လီဂရီ၏ ဦးဆောင်မှုဖြင့် ပြည်တွင်း အမှတ်ပေးပြိုင်ပွဲတွင် ရှစ်နှစ်ဆက်တိုက် အောင်မြင်မှုကို ရရှိခဲ့သော်လည်း ၎င်းတို့ မျှော်မှန်းထားသကဲ့သို့ ချန်ပီယံလိဂ်တွင် အောင်မြင်မှုမရခဲ့သည့်အတွက် နည်းပြ အယ်လ်လီဂရီနှင့် လမ်းခွဲရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အယ်လ်လီဂရီသည် ဂျူဗင်တပ်နည်းပြဘဝ ဖြတ်သန်းမှု ငါးနှစ်သက်တမ်းအတွင်း အသင်းကို စီးရီးအေ အမှတ်ပေး ချန်ပီယံဆု ငါးကြိမ်၊ ကိုပါအီတာလီယာဖလားချန်ပီယံဆု လေးကြိမ် ရရှိစေခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့၌ ဒုတိယရရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ဂျူဗင်တပ် အသင်းတာဝန်ရှိသူများသည် အသင်းနည်းပြဟောင်း ကွန်တီထက် စပါးနည်းပြ ပိုချက်တီနိုကို ခေါ်ယူနိုင်ရန် ပိုမိုလိုလားနေကြပြီး ပိုချက်တီနိုကမူ တစ်နှစ်လုပ်ခလစာ အကျိုးခံစားခွင့်အဖြစ် ပေါင် ၁၇ သန်းရရှိမည်ဆိုပါက ဂျူဗင်တပ်ကို တာဝန်ယူဖြစ်နိုင်သည်ဟု ထုတ်ဖော်ပြောကြားထားသည်။

E-11