News

POST TYPE

SPORTS

နှလုံးဝေဒနာကြောင့် ကစားသမားဘဝမှ ကာဆီးလက် အနားယူပြီ
17-May-2019


စပိန်၊ မေ ၁၇

စပိန်ဂန္ထဝင်ဂိုးသမား ကာဆီးလက်သည် နှလုံးဝေဒနာကြောင့် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း The Sun သတင်းဌာနက ဖော်ပြလာသည်။ ယခုလ အစောပိုင်းက ကာဆီးလက်သည် နှလုံးဝေဒနာ ရုတ်တရက်ခံစားခဲ့ရပြီးနောက် ၂၁ နှစ်ကြာ ဖြတ်သန်းခဲ့သည့် ၎င်း၏ ကစားသမားဘဝကို ကျောခိုင်းရန် ယင်းအခြေအနေက ဆုံးဖြတ်ချက်တစ်ခုဖြစ်စေခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့ခြင်းဖြစ်သည်။

အသက် (၃၇) နှစ် အရွယ်ရှိပြီဖြစ်သည့် ကာဆီးလက်မှာ စပိန်လက်ရွေးစင်အသင်းအတွက် ၁၆၇ ပွဲ ထွက်ကစားခဲ့ပြီး ယူရို ၂၀၀၈ နှင့် ၂၀၁၂ ၊ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဗိုလ်စွဲနိုင်ခဲ့သည့်အထိ အထူးစွမ်းဆောင်နိုင်ခဲ့ကာ စပိန်တော်ဝင်ကလပ်ဖြစ်သည့် ရီးရဲလ်မက်ဒရစ်အသင်းတွင်လည်း ၁၅ ရာသီကြာ ကစားသမားဘဝ ဖြတ်သန်းခဲ့ပြီး စပိန်လာလီဂါ အမှတ်ပေးဖလား ၅ ခုနှင့် ချန်ပီယံလိဂ်ဖလား ၃ ခုကို ရယူနိုင်ခဲ့သည်။

ကာဆီးလက်မှာ ပေါ်တိုအသင်းနှင့်အတူ ၄ ရာသီကြာ ဖြတ်သန်းထားပြီး မေလ ၁ ရက်နေ့ ပေါ်တိုအသင်း၏ ပုံမှန်လေ့ကျင့်ရေးတစ်ခုတွင် ရုတ်တရက် နှလုံးအမောဖောက်ခဲ့သောကြောင့် ဆေးကုသမှုများ ပြုလုပ်ခဲ့ရပြီး လက်ရှိတွင်ပြန်လည်ကျန်းမာလာခဲ့ပြီဖြစ်သော်လည်း ကစားသမားအနေဖြင့် ရှေ့ဆက်ဖြတ်သန်းရန် မဖြစ်တော့ကြောင်း ပေါ်တိုအသင်းက များမကြာမီက ထုတ်ဖော်ပြောကြားထားသည်။









  • VIA