News

POST TYPE

SPORTS

အောင်မြင်မှုသည် စွဲလမ်းစေတတ်သည့် သဘောရှိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဆို
17-May-2019



မန်ချက်စတာ၊ မေ ၁၇

ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အောင်မြင်မှုများရရှိခြင်း၏ နောက်ကွယ်က အရသာသည် လူတစ်ဦးတစ်ယောက်အပေါ်တွင် စွဲလမ်းစေတတ်သည့် သဘောမျိုးကို ဖြစ်စေတတ်ကြောင်း ဖွင့်ဟပြောကြားကာ ဝက်ဖို့ဒ်အသင်းနှင့် အက်ဖ်အေဖလား ဖိုင်နယ်တွင် နောက်ထပ်အောင်မြင်မှုတစ်ခု ထပ်မံယူပြမည့် သဘောမျိုးကို သွယ်ဝိုက်ပြောကြားလိုက်သည်။

မန်စီးတီးအသင်းသည် ယခုနှစ်ရာသီတွင် ပရီးမီးယား အမှတ်ပေးဖလားနှင့် ကာရာဘောင်းဖလားကို ရရှိထားပြီး လာမည့် ၁၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၀ နာရီခွဲတွင် အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် ဝက်ဖို့ဒ်အသင်းနှင့် ဝင်ဘာလေကွင်းကြီးတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက “အောင်မြင်မှုတစ်ခုကို ရယူမိပြီဆိုတာနဲ့ နောက်တစ်ခု နောက်တစ်ခုဆိုတာ ခင်ဗျားတို့ သိပ်ကို လိုချင်လာမိလိမ့်မယ်။ ဒီလိုဆို ဘဝက ပိုမိုကောင်းမွန်ပြီး လွယ်လွယ်ကူကူလေးဖြစ်လာဖို့ မဝေးတော့ဘူး။ ဘာလို့လဲဆိုတော့ အောင်မြင်မှုရဲ့ အာနိသင်သဘောအရသာက သိပ်ကို စွဲလမ်းတတ်စေလို့ပဲ။”ဟု BBC သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

ထိုပြင် အက်ဖ်အေဖလားဖိုင်နယ်တွင် ဝက်ဖို့ဒ်အသင်းနှင့် တွေ့ဆုံနေမှုအပေါ် နည်းပြ ဂွါဒီယိုလာက “အမှတ်ပေးဇယား အဆင့် (၆) အပြင်ဘက်က ခြေစွမ်းကောင်းတဲ့ အသင်းတွေထဲမှာဆို ဝက်ဖို့ဒ်နဲ့ ဝုဖ်ဘာဟမ်တန်အသင်းတို့ သိပ်ကိုကောင်းပါတယ်။ ဒါကြောင့်လည်း ဖိုင်နယ်အဆင့်ကို ရောက်လာတာပေါ့။ ဖလားဖိုင်နယ်တွေဟာ ဘယ်တော့မဆို မျှော်လင့်မထားတာတွေဖြစ်တတ်တယ်။ ပုံမှန်အားဖြင့် အကောင်းဆုံးကစားနိုင်တဲ့ အသင်းက အောင်မြင်မှုရနိုင်ပေမယ့် ကွင်းလယ်ဒိုင်လူကြီးတွေကလည်း ပွဲအခြေအနေကို ကွဲပြားသွားအောင်လုပ်နိုင်တယ်ဆိုတာပါပဲ”ဟု ၎င်းက ဆိုခဲ့သည်။