News

POST TYPE

SPORTS

ယူရိုပါလိဂ်ဗိုလ်လုပွဲနှင့် လွဲချော်မည်ကို မစ်ခီတာယန် စိုးရိမ်၊ မစ်ခီတာယန် ပြည်ဝင်ခွင့် ရနိုင်ရေးအတွက် ယူအီးအက်ဖ်အေကို အာဆင်နယ် အကူအညီတောင်း
11-May-2019

လန်ဒန်၊ မေ ၁၁

အာဆင်နယ်ကွင်းလယ်ကစားသမား မစ်ခီတာယန်သည် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်ရမည့်အရေးအား စိုးရိမ်ပူပန်နေပြီဖြစ်ပြီး အဇာဘိုင်ဂျန် အစိုးရထံမှနေ၍ မစ်ခီတာယန်အတွက် ပြည်ဝင်ခွင့်ဗီဇာ ရရှိနိုင်ရန် အာဆင်နယ်အသင်းတာဝန်ရှိသူများက ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)ထံ အကူအညီတောင်းရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲကို အဇာဘိုင်ဂျန် ဘာကူးမြို့ရှိ အိုလံပစ်ဘောလုံးကွင်းကြီးတွင် ကျင်းပလိမ့်မည်ဖြစ်ပြီး အဇာဘိုင်ဂျန်နိုင်ငံနှင့် မစ်ခီတာယန်၏ မွေးရပ်ဇာတိ အာမေးနီးယားနိုင်ငံအကြားတွင် နိုင်ငံရေးအရ သဘောထားတင်းမာမှုများ ရှိနေသည့်အတွက် ၎င်းမှာ ပြည်ဝင်ခွင့်ရနိုင်ရန် အခက်အခဲများ ရှိနေခြင်းဖြစ်သည်။

မစ်ခီတာယန်သည် အုပ်စုအဆင့်၌ အာဆင်နယ်နှင့် အဇာဘိုင်ဂျန်ကလပ် ကာရာဘတ်ဂျ်တို့ ဆုံတွေ့ခဲ့ရာတွင်လည်း ကာရာဘတ်ဂျ်၏အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရသောပွဲစဉ်ကို ပြည်ဝင်ခွင့်ဗီဇာ မရရှိသည့်အတွက် လွဲချော်ခဲ့ရဖူးပြီး ယခုတစ်ကြိမ်တွင်မူ ယင်းသို့ မဖြစ်စေရန် မစ်ခီတာယန်က အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့လည်း အသနားခံစာ ပေးပို့ထားပြီဖြစ်သည်။

အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မစ်ခီတာယန်ကို ခြွင်းချက်တစ်ရပ်အဖြစ် ထားရှိ၍ ပြည်ဝင်ခွင့်ပေးအပ်ဖွယ်ရှိနေပြီး အာဆင်နယ်အသင်းဘက်ကလည်း အသင်းနှင့်အတူ အဇာဘိုင်ဂျန်နိုင်ငံသို့ မစ်ခီတာယန် လိုက်ပါနိုင်ရေးအတွက် ၎င်းတို့အနေနှင့် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု ထုတ်ဖော်အသိပေးထားသည်။

အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့အကြားတွင် နာဂေါ်နို-ကာရာဘတ်ခ် ဒေသအရေးနှင့်စပ်လျဉ်း၍ နိုင်ငံရေးအရ သဘောထားတင်းမာမှုများရှိနေပြီး ယင်းဒေသကို ၁၉၉၄ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် နှစ်ဖက်စစ်ပွဲအပြီးတွင် အာမေးနီးယားတပ်ဖွဲ့များက ထိန်းချုပ်လားခဲ့သည်မှာ ယနေ့အထိဖြစ်သည်။

E-11