News

POST TYPE

SPORTS

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးကစားသမားဘဝ ဖြတ်သန်းမှု နောက်ဆုံးပွဲစဉ်ဖြစ်လိမ့်မည်ဟု ဟားဇတ် အသိပေး
10-May-2019


လန်ဒန်၊ မေ ၁၀

ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် အာဆင်နယ်နှင့်ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ၎င်း၏ချယ်လ်ဆီးကစားသမားဘဝ ဖြတ်သန်းမှု နောက်ဆုံးပွဲစဉ်ဖြစ်လာလိမ့်မည်ဟု အသိပေးပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

ဟားဇတ်သည် ချယ်လ်ဆီးက ဖရန့်ဖတ်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သော ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် အသင်းအတွက် နောက်ဆုံးပင်နယ်တီကို တာဝန်ယူကန်သွင်းကာ ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပြီး ၎င်းအနေနှင့် ချယ်လ်ဆီးကို ဆုဖလားတစ်လုံးဖြင့် နှုတ်ဆက်ခွင့်ရလိုကြောင်းလည်း ဟားဇတ်က ပြောကြားထားသေးသည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဟားဇတ်သည် လာမည့်နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ရန် လွန်စွာနီးစပ်နေပြီဖြစ်ကာ အသင်းနှစ်သင်းအကြားတွင် ဟားဇတ်အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးသဘောတူညီမှုရထားပြီဟုလည်း ဆက်စပ်သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ၎င်း၏ ဦးစားပေးပစ်မှတ်စာရင်းတွင် ပါဝင်နေသော ဟားဇတ်နှင့် ပေါ့ဂ်ဘာတို့ကို ယခုတစ်ကြိမ်မှာ ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ရန်အတွက် နောက်ဆုံးအကြိမ် အခွင့်အရေးရရှိခြင်းမျိုးဖြစ်သွားနိုင်သည်ဟု သတိပေးစကားပြောကြားထားပြီး ဟားဇတ်ကိုယ်တိုင်ကလည်း ၎င်းမျှော်လင့်တောင့်တနေသော ဘလွန်းဒီအော်ဆု (ရွှေဘောလုံးဆု) ပိုင်ရှင် ဖြစ်ခွင့်ရနိုင်ရေးမှာ ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့မှသာလျှင် အကောင်အထည်ပေါ်နိုင်တော့မည်ဟု ယူဆမှုများရှိနေပြီဖြစ်သည်။

ဟားဇတ်သည် လက်ရှိအချိန်တွင် ၎င်းအနေနှင့် ချယ်လ်ဆီးအသင်းအတွက် ယူရိုပါလိဂ်ဆုဖလားဆွတ်ခူးရယူပေးနိုင်ရေးကိုသာ အာရုံစိုက်ထားမည်ဖြစ်ကြောင်းလည်း အသိပေးထားပြီး အပြောင်းအရွှေ့ကိစ္စရပ်များအားလုံးကို ယူရိုပါလိဂ်ဗိုလ်လုပွဲကစားပြီးမှသာ ခေါင်းထဲထည့်မည်ဟု ၎င်းက ပြောကြားထားသေးသည်။

E-11


  • VIA