News

POST TYPE

SPORTS

မန်ယူ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လုခ်ရှောရရှိ၊ ကာဒစ်ဖ်နှင့်ပွဲအတွက် လူငယ်ကစားသမားခြောက်ဦးကို အသင်းကြီးထံသို့ ဆိုးလ်ရှား ခေါ်ယူ
10-May-2019



မန်ချက်စတာ၊ မေ ၁၀

မန်ယူအသင်းသည် ဆာမတ်ဘတ်စ်ဘီဆုဟု အမည်ပေးအပ်မှည့်ခေါ်ထားသည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပေးအပ်ချီးမြှင့်လိုက်ပြီဖြစ်ရာ ၂၀၁၈-၁၉ ဘောလုံးရာသီ စွမ်းဆောင်ရည်များအတွက် ယင်းဆုကို ဆွတ်ခူးရရှိသွားခဲ့သူမှာ လုခ်ရှောဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဘယ်နောက်ခံလူ လုခ်ရှောသည် လက်ရှိဘောလုံးရာသီတွင် မန်ယူကို ကိုယ်စားပြု၍ ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ်ပေါင်း ၄၀ ပါဝင်ကစားခွင့် ရရှိထားပြီးဖြစ်ကာ ၎င်းမှာ လင်ဒီလော့ဖ်နှင့် ပေါ့ဂ်ဘာတို့ကို ကျော်ဖြတ်၍ ယခုဆုကို ရယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူသည် အသင်းအားပေးသူပရိသတ်များ၏ မဲပေးမှုဖြင့် ယခုဆုကို ရွေးချယ်ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး လုခ်ရှောမှာ အနီးကပ်ပြိုင်ဘက်ဖြစ်သူ လင်ဒီလော့ဖ်ကို မဲတစ်မဲအသာဖြင့် ကျော်ဖြတ်ကာ ယခုဆုကို ရယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူက ပီအက်စ်ဂျီကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် မန်ယူအတွက် အသက်အငယ်ဆုံးစံချိန်ဖြင့် ပါဝင်ကစားပေးခွင့်ရခဲ့သော အသက် ၁၇ နှစ်အရွယ်ရှိ မာဆန်ဂရင်းဝုဒ်သည် တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ပြီး တစ်နှစ်တာအကောင်းဆုံး အရန်အသင်းကစားသမားဆုကို တာလစ်ချောင်၊ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးကစားသမားဆုကို ကေတီဇီးလင်းမ်တို့က ရရှိသွားခဲ့ကြောင်းလည်း မန်ယူက သတင်းထုတ်ပြန်ထားသည်။

မန်ယူကွင်းလယ်ကစားသမား ပီရိုင်းရာသည် ဆောက်သမ်တန်နှင့်ပွဲစဉ်တွင် သွင်းယူလိုက်သောဂိုးဖြင့် တစ်နှစ်တာအကောင်းဆုံး သွင်းဂိုးဆုကို ရရှိသွားခဲ့ပြီး နည်းပြဆိုးလ်ရှားမှာ ယင်းလူငယ်အင်အားစုကို အားပြု၍ အသင်းကို ပြန်လည်စုဖွဲ့ရန် ပြင်ဆင်နေပြီလည်းဖြစ်သည်။

နည်းပြဆိုးလ်ရှားသည် လက်ရှိတွင် ကာဒစ်ဖ်နှင့်ယှဉ်ပြိုင်ရမည့် ရာသီသိမ်းပရီးမီးယားလိဂ်ပွဲစဉ်အတွက် အိန်ဂျယ်လ် ဂိုမက်စ်၊ ဒိုင်လန်လီဗစ်၊ အာနူး ပစ်ဂ်မောလ်၊ မာဆန် ဂရင်းဝုဒ်၊ ဂျိမ်းစ်ဂါနာနှင့် တာလစ်ချောင် စသည့် လူငယ်ကစားသမားများကို အသင်းကြီးထံသို့ ခေါ်ယူထားပြီဖြစ်ပြီး အခွင့်အရေးရရှိချိန်တွင် အကောင်းဆုံး ကစားပြနိုင်သူများမှာ အသင်းကြီးအဆင့်သို့ တက်လှမ်းခွင့်ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်းလည်း ဆိုးလ်ရှားက အသိပေးထားပြီဖြစ်သည်။

နည်းပြ ဆိုးလ်ရှားသည် ၎င်းအနေနှင့် လာမည့်နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် နာမည်ကြီးကစားသမားများ ခေါ်ယူရန် ကြိုးပမ်းမှုကို တတ်နိုင်စွမ်းသရွေ့ လက်ရှောင်သွားမည်ဟု ပြောကြားထားပြီး ၎င်း၏ရည်မှန်းချက်မှာ နည်းပြဖာဂူဆန်လက်ထက်ကကဲ့သို့ ခြေစွမ်းခြေစရှိသူ လူငယ်များကို စင်တင်ပျိုးထောင်ပေးရန်သာဖြစ်သည်ဟုလည်း ဆိုးလ်ရှားက မှတ်ချက်ပေးထားသည်။

E-11