News

POST TYPE

SPORTS

ချန်ပီယံလိဂ်ဗိုလ်လုပွဲနှင့် ရာမာဒန်ဥပုသ်ရက် တိုက်ဆိုင်၊ ဥပုသ်ချိန်ပြီးဆုံးမှ ပွဲကစားရမည်ဖြစ်၍ မစိုးရိမ်ဟု ဂျာဂင်ကလော့ပ် ပြောကြား
10-May-2019


လီဗာပူး၊ မေ ၁၀

ချန်ပီယံလိဂ်ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည့် ဇွန်လ ၂ ရက်နေ့သည် အစ္စလာမ်ဘာသာဝင်တို့၏ ရာမာဒန်ဥပုသ်ရက်နှင့် တိုက်ဆိုင်နေသည့်အတွက် လီဗာပူးအသင်း၏ အဓိကကစားသမားအချို့မှာ ပင်ပန်းနွမ်းနယ်မှုများ ရှိနေနိုင်သည်ဟု သုံးသပ်ချက်များ ထွက်ပေါ်နေသည်ကို နည်းပြ ဂျာဂင်ကလော့ပ်က ငြင်းဆန်ပယ်ချလိုက်သည်။

လီဗာပူးအသင်း၏ ပွဲထွက်ကစားသမားများဖြစ်ကြသော ဆာလားဟ်၊ မာနေးနှင့် ကီတာတို့သည် အစ္စလာမ်ဘာသာဝင် ကစားသမားများဖြစ်ကြပြီး ၎င်းတို့မှာ ဥပုသ်ဆောက်တည်မှုများ ရှိကြသည့်အတွက် ပင်ပန်းနွမ်းနယ်နေပါက လီဗာပူးအသင် အခက်တွေ့နိုင်ကြောင်း သတင်းမီဒီယာများက သုံးသပ်နေကြခြင်းဖြစ်သည်။

ရာမာဒန်ဥပုသ်လ၏ နောက်ဆုံးနေ့ရက်များသည် အစ္စလာမ်ဘာသာဝင်များ၏ အထွဋ်အမြတ်ထားရှိရာ နေ့ရက်များလည်းဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲယှဉ်ပြိုင်ရမည့်ရက်မှာ ယင်းကာလနှင့်လည်း တိုက်ဆိုင်မှုများရှိနေသည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် သတင်းမီဒီယာများ၏ သုံးသပ်ချက်မှာ ၎င်းတို့အသင်းကို စိတ်ဓာတ်စစ်ရေးရာတိုက်ပွဲ ဆင်နွှဲနေသည်နှင့် အလားသဏ္ဌာန်တူနေကြောင်း တုံ့ပြန်သွားခဲ့ပြီး ပြိုင်ပွဲယှဉ်ပြိုင်ရမည့်အချိန်တွင် ဥပုသ်ချိန် ကုန်ဆုံးသွားပြီဖြစ်၍ အခက်အခဲရှိတော့မည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသွားခဲ့သည်။

နည်းပြ ဂျာဂင်ကလော့ပ်သည် ယမန်နှစ်ဘောလုံးရာသီ၌ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ၎င်းတို့ကျရှုံးခဲ့ရသည်ကို ပြန်လည်ချေဖျက်ရန် ကံကြမ္မာက နောက်ထပ်တစ်ကြိမ် အခွင့်အရေးပေးသည်ကို အမှားအယွင်း လုံးဝမရှိဘဲ ထိရောက်စွာ အသုံးချနိုင်ရန် လိုအပ်လိမ့်မည်ဟု အသင်းကစားသမားများကို သတိပေးစကားပြောကြားထားပြီး ၎င်း၏ဦးဆောင်မှုအောက်တွင် လီဗာပူးမှာ ဥရောပအဆင့်ဆုဖလားတစ်လုံး ရသင့်ချိန်တန်ပြီဟု ယူဆမိကြောင်းလည်း ဂျာဂင်ကလော့ပ်က မှတ်ချက်ပေးသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ဂျာဂင်ကလော့ပ်က “ကျွန်တော်တို့တွေ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တစ်ကြိမ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်ကြိမ် တက်ရောက်နိုင်ခဲ့ပြီးပါပြီ။ အခုမတိုင်ခင် ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ ဒုတိယဆုနဲ့ပဲ ကျွန်တော်တို့ ကျေနပ်ခဲ့ကြရပါတယ်။ ကျွန်တော်တို့ဟာ ဒုတိယနဲ့ အမြဲကျေနပ်နေမယ့်သူတွေ မဟုတ်ပါဘူး။ ကံကြမ္မာက အခုဆိုရင် ကျွန်တော်တို့ကို နောက်ထပ်တစ်ကြိမ် အခွင့်အရေးပေးလာခဲ့ပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ချန်ပီယံလိဂ်ဆုဖလားကြီးကို အန်ဖီးလ်ဆီ အရောက်သယ်ဆောင်လာနိုင်အောင် ကျွန်တော်တို့တွေ အားထုတ်ကြရပါတော့မယ်”ဟု ပြောကြားသွားခဲ့သည်။

E-11




  • VIA