News

POST TYPE

SPORTS

World MMA Awards ဆုအတွက် သူ့ကိုမဲပေးရန် အောင်လအန်ဆန်းတိုက်တွန်း
09-May-2019



ရန်ကုန်၊ မေ ၈

MMA (ဘက်စုံသုံးကိုယ်ခံပညာ ပြိုင်ပွဲ) လောက၏ အရှိန်အဝါအကြီးမားဆုံး ဆုပေးပွဲတစ်ခုဖြစ်သည့် World MMA Awards ဆုရွေးချယ်မည့် စာရင်းတွင် မြန်မာနိုင်ငံကိုယ်စားပြု ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား MMA ဖိုက်တာ အောင်လအန်ဆန်း ဆန်ကာတင်စာရင်းတွင် ပါဝင်လျက်ရှိပြီး ယင်းဆုအတွက် ပရိသတ်များ အွန်လိုင်းမှ တိုက်ရိုက်မဲပေးနိုင်ကြောင်း သိရသည်။

ဧပြီလကုန်ပိုင်းက ထုတ်ပြန်ထားသည့် ယင်းဆန်ခါတင်စာရင်းတွင် အောင်လအန်ဆန်းမှာ ဆုအမျိုးအစား နှစ်ခုလုံးအတွက် လျာထားခြင်းခံရပြီး Charles “Mask” Lewis Fighter of the Year ဆုနှင့် international Fighter of the Year ဆုများအတွက် လျာထားခံရခြင်းဖြစ်သည်။ ဆုနှစ်ခုလုံးတွင် လူသိများသည့် UFC ပြိုင်ပွဲမှ ထိပ်တန်း MMA ကစားသမားများနှင့်အတူ အောင်လအန်ဆန်းမှာ ထည့်သွင်းရွေးချယ်ခံထားရသည်။

ယင်းဆုနှင့်ပတ်သက်ပြီး အောင်လအန်ဆန်းက “ဒီလိုဆုမျိုးမှာ ကျွန်တော်ပါနေတာ သိရတဲ့အတွက် ကျွန်တော်ကိုယ်တိုင်အတွက်ရော ကျွန်တော့်ပရိသတ်တွေနဲ့ နိုင်ငံအတွက်ရော ဂုဏ်ယူရပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာ ပရိသတ်ကပေးတဲ့ Vote တွေထက် ကျွန်တော့်နိုင်ငံက ပရိသတ်တွေကပေးမယ့် Vote တွေကို ပိုပြီး လိုလိုလားလား လက်ခံရယူချင်ပါတယ်။ ဒီဆုဟာ ကျွန်တော့်ကို နိုင်ငံတကာအလယ်မှာ ပိုမိုသိလာစေမယ့်အပြင် ကျွန်တော်တို့နိုင်ငံကိုလည်း ပိုပြီးလူသိများ လာစေနိုင်မယ့် အခြေအနေမျိုးလည်းဖြစ်ပါတယ်”ဟု ပရိသတ်များကို တိုက်တွန်းပြောဆိုထားသည်။

ယင်းဆုများအတွက် ကစားသမား တစ်ဦးချင်းစီအား ပရိသတ်များက ဆုပေးပွဲ ဝက်ဘ်ဆိုက်ဖြစ်သည့် https://www.worldmmaawards.com/vote/  တွင် ဝင်ရောက်မဲပေးနိုင်ပြီး ပရိသတ်အများဆုံး မဲပေးခြင်းခံရသည့် ကစားသမားအား ရွေးချယ်ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ်က စတင်ပြုလုပ်သည့် World MMA Awards ဆုပေးပွဲသည် နိုင်ငံတကာ MMA လောကတွင် အမြင့်ဆုံး ဆုတစ်ခုဖြစ်ပြီး မြန်မာကစားသမားအနေနှင့် ယခုနှစ်မှ ပါဝင်ထည့်သွင်းခံရခြင်းဖြစ်သည်။

MMA ဖိုက်တာ အောင်လအန်ဆန်းမှာ လက်ရှိတွင် ONE Championship ပြိုင်ပွဲများတွင် စာချုပ်ချုပ်ဆိုထားပြီး Middle Weight နှင့် Light Heavy Weight အဆင့် ကမ္ဘာ့ချန်ပီယံခါးပတ်များကို ရရှိထားကာ  ယခုနှစ်အတွင်း ၎င်းအတွက် စိန်ခေါ်မှုကြီးမားသည့် ပွဲစဉ်တစ်ခုဖြစ်လာမည့် Heavy Weight ချန်ပီယံ Brandon Vera နှင့် ယှဉ်ပြိုင်ရမည့် Light Heavy Weight ချန်ပီယံကာကွယ်ပွဲအတွက် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။  

ထွန်းသူရကျော်