News

POST TYPE

SPORTS

ပြင်သစ်လီဂူးပြိုင်ပွဲတွင် အမျိုးသမီးကွင်းလယ်ဒိုင်လူကြီးတစ်ဦးကို ပထမဆုံးအကြိမ် ခန့်အပ်တာဝန်ပေး
25-Apr-2019


ပဲရစ်၊ ဧပြီ ၂၅

ပြင်သစ်လီဂူးပြိုင်ပွဲကျင်းပရေး ကော်မတီသည် ပြင်သစ်လီဂူးပြိုင်ပွဲတွင် အမျိုးသမီးကွင်းလယ်ဒိုင်လူကြီးတစ်ဦးကို သမိုင်းကြောင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပြီဖြစ်ပြီး ယင်းသို့ သမိုင်းဝင်တာဝန်တစ်ရပ်ကို ထမ်းဆောင်ခွင့်ရသွားခဲ့သော အမျိုးသမီးကွင်းလယ်ဒိုင်လူကြီးမှာ စတက်ဖနီ ဖရတ်ပတ်ဖြစ်သည်ဟု ပြင်သစ်လီဂူးပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားကြောင်း Daily Star က ဖော်ပြထားသည်။

အသက် ၃၅ နှစ်အရွယ်ရှိ ဖရတ်ပတ်သည် ပြင်သစ်လီဂူး-၂ ပြိုင်ပွဲတွင် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီးသော အတွေ့အကြုံရင့် ဒိုင်လူကြီးတစ်ဦးဖြစ်ပြီး ဖရတ်ပတ်ကို ဗီဒီယိုလက်ထောက်ဒိုင်လူကြီး (VAR)စနစ်နှင့် ကျွမ်းဝင်ရင်းနှီးစေလိုခြင်းကြောင့် လီဂူးပွဲစဉ်များကို တာဝန်ယူခိုင်းရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟုလည်း ပြင်သစ်လီဂူးပြိုင်ပွဲကျင်းပရေးကော်မတီက ရှင်းပြထားသည်။

ပြင်သစ်နိုင်ငံသည် လာမည့် ဇွန်လတွင်ကျင်းပမည့် ၂၀၁၉ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားပြီး ယင်းပြိုင်ပွဲတွင် VAR စနစ်ကို ထည့်သွင်းအသုံးပြုရန် ဖီဖာက စီစဉ်ထားခြင်းကြောင့် ပြင်သစ်နိုင်ငံကိုယ်စားပြု ဒိုင်လူကြီးတစ်ဦးဖြစ်လာမည့် ဖရက်ပတ်ကို အဆိုပါစနစ်နှင့် ထိတွေ့ပေးရန် လိုအပ်နေခြင်းကြောင့် တာဝန်ရှိသူများက လီဂူးပွဲစဉ်များကို ပွဲကြီးကြပ်ရန် ရာထူးတိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။

ပြင်သစ်လီဂူးပြိုင်ပွဲကျင်းပရေးကော်မတီသည် ပြင်သစ်လီဂူးပြိုင်ပွဲတွင် အမျိုးသမီးစည်းကြပ်ဒိုင်များ၊ လက်ထောက်ဒိုင်များကို ၁၉၉၀ ပြည့်နှစ်လွန်ကာလကတည်းက အသုံးပြုနေခဲ့ခြင်းဖြစ်သော်လည်း ကွင်းလယ်ဒိုင်တာဝန်ကိုမှ ယခုအချိန်သို့ရောက်မှ အမျိုးသမီးဒိုင်လူကြီးတစ်ဦးထံ ပထမဆုံးအကြိမ်အဖြစ် အပ်နှင်းလိုက်ခြင်းဖြစ်သည်။

ဖရက်ပတ်သည် လာမည့်တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် အေမိန်းစ်နှင့် စထရာဘော့ဂျ်တို့၏ပြင်သစ်လီဂူးပွဲစဉ်ကို ကွင်လယ်ဒိုင်လူကြီးအဖြစ် ပွဲကြီးကြပ်သွားရလိမ့်မည်ဖြစ်သည်။




  • VIA