News

POST TYPE

SPORTS

အက်သလက်တီကိုကွင်းလယ်လူ ရိုဒရီကို စံချိန်တင်ပြောင်းရွှေ့ကြေးအသုံးပြု၍ ခေါ်ယူရန် မန်စီးတီး ပြင်ဆင်
23-Apr-2019


မန်ချက်စတာ၊ ဧပြီ ၂၃

မန်စီးတီးအသင်းသည် အက်သလက်တီကိုကွင်းလယ်လူ ရိုဒရီကို ကလပ်အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏအသုံးပြု၍ ခေါ်ယူရန် စီစဉ်နေပြီဖြစ်ကာ အက်သလက်တီကိုအသင်းကမူ ၎င်းတို့အနေနှင့် နည်သို့သောတန်ကြေးမျိုးဖြင့်ဖြစ်စေကာမူ ရိုဒရီကို လက်လွှတ်ရန် အစီအစဉ် မရှိသေးကြောင်း The Mirror က ဖော်ပြထားသည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် လာမည့်လတွင် အသက် ၃၄ နှစ်ပြည့်တော့မည့် ဖာနန်ဒင်ညို၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ရိုဒရီကို အလိုရှိနေခြင်းဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်သာရှိသေးသော ရိုဒရီအတွက် ပြောင်းရွှေ့ကြေးပမာဏကို ပေါင် ၆၀ ဒသမ ၆ သန်းအထိ အသုံးပြုရန် မန်စီးတီးက ရည်ရွယ်လျက်ရှိသည်။

လက်ရှိအချိန်တွင် မန်စီးတီးအသင်း၏သမိုင်းကြောင်းတစ်လျှောက်၌ ပြောင်းရွှေ့ကြေးအများဆုံး ပေးချေခေါ်ယူခြင်းခံရသည့် ကစားသမားအဖြစ် မှတ်တမ်းဝင်လျက်ရှိသည်မှာ တိုက်စစ်တောင်ပံကစားသမား မာရက်ဇ်ဖြစ်ပြီး မာရက်ဇ်ကိုခေါ်ယူစဉ်က မန်စီးတီးမှာ လက်စတာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ ပေးချေခဲ့ရဖူးသည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အစောပိုင်း၌ အသင်းကွင်းလယ်ကို အားဖြည့်ရန်အတွက် အေဂျက်ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို လွန်စွာခေါ်ယူလိုခဲ့ဖူးပြီး ဒီဂျောင်မှာ မန်စီးတီး၏ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချ၍ ဘာစီလိုနာကိုရွေးချယ်လိုက်သည့်အတွက် မန်စီးတီးက ရိုဒရီဘက်သို့ ပြောင်းလဲဦးလှည့်လိုက်ခြင်းဖြစ်သည်။

ရိုဒရီသည် ဥရောပဘောလုံးလောက၏ထွန်းတောက်လာသော ကြယ်ပွင့်ကစားသမားများအနက်တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ၎င်းကို အက်သလက်တီကိုက ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ထိတိုင် စာချုပ်ချုပ်ဆိုထားသည်။


  • VIA