News

POST TYPE

SPORTS

လိဂ်ပေးဂိုးအများဆုံး ဘောလုံးရာသီ မှတ်တမ်းဆိုးကို မန်ယူ ရင်ဆိုင်ရ
22-Apr-2019

manchester united

မန်ချက်စတာ၊ ဧပြီ ၂၂

မန်ယူအသင်းသည် လက်ရှိဘောလုံးရာသီတွင် လိဂ်ပေးဂိုးအများဆုံးစံချိန် မှတ်တမ်းဆိုးကို ရင်ဆိုင်လိုက်ရပြီဖြစ်ပြီး အဲဗာတန်ကို လေးဂိုး ဂိုးမရှိဖြင့် အရေးနိမ့်လိုက်ရသောပွဲစဉ်အပြီးတွင် မန်ယူ၏လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်ပေးဂိုးအရေအတွက်မှာ ၄၈ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

မန်ယူသည် ယခုမတိုင်မီတွင် လိဂ်ပေးဂိုးအများဆုံးစံချိန်မှတ်တမ်းဆိုးကို ၁၉၉၉-၂၀၀၀ ဘောလုံးရာသီနှင့် ၂၀၀၁-၀၂ ဘောလုံးရာသီတို့တွင် ကြုံဆုံခဲ့ရဖူးပြီး နည်းပြကြီးဖာဂူဆန် ဦးဆောင်ခဲ့သော ယင်းဘောလုံးရာသီများတွင် မန်ယူ၏ပရီးမီးယားလိဂ်ပေးဂိုးအရေအတွက်မှာ ၄၅ ဂိုးစီ ရှိခဲ့ဖူးသည်။

ဆိုးလ်ရှားသည် မန်ယူကို ယာယီနည်းပြအဖြစ် ဦးဆောင်ခဲ့စဉ်ကာလအတွင်း လင်ဒီလော့ဖ်နှင့် ဖီးလ်ဂျုံးစ်တို့ကို တွဲဖက်၍ အသင်းဗဟိုခံစစ်ကို အထိုင်ချကာ ပြုပြင်ပြောင်းလဲရေးတစ်ရပ် ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိခဲ့သော်လည်း လက်ရှိတွင်မူ မည်သည့်ကစားသမားနှင့် မည်သည့်အတွဲအဖက်ကို ပွဲထုတ်သည်ဖြစ်စေ မန်ယူခံစစ်၌ လိုအပ်ချက်များနှင့် လစ်ဟာချက်များရှိနေပြီဖြစ်သည်။

မန်ယူသည် နည်းပြ ဆိုးလ်ရှားလက်ထက်တွင် ပွဲစဉ်ပေါင်း ၁၉ ပွဲယှဉ်ပြိုင်ခဲ့ရာ၌ ပေးဂိုးအရေအတွက် ၁၇ ဂိုးရှိထားပြီဖြစ်ပြီး ၎င်းအနေနှင့် ယိုယွင်းနေသော ခံစစ်ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် လာမည့်နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် ညာနောက်ခံလူတစ်ဦးနှင့် ဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူရန် ရည်ရွယ်ထားကြောင်း နည်းပြဆိုးလ်ရှားက ထုတ်ဖော်ပြောကြားထားပြီလည်းဖြစ်သည်။