News

POST TYPE

SPORTS

အေမာခန်းကို အလဲထိုးအနိုင်ယူ၍ ချန်ပီယံရွှေခါးပတ်ကို တဲရင့်စ် ကရောဖို့ဒ် ဆက်လက်ထိန်းသိမ်း
21-Apr-2019

နယူးယောက်၊ ဧပြီ ၂၁

အမေရိကန်လက်ဝှေ့ကစားသမား တဲရင့်စ်ကရောဖို့ဒ်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ မာဒီဆန်စကွဲယားတွင် ကျင်းပခဲ့သော စိန်ခေါ်ပွဲစဉ်တွင် ဗြိတိန်လက်ဝှေ့ကစားသမား အေမာခန်းကို အလဲထိုးအနိုင်ယူ၍ ၎င်းဆွတ်ခူးရရှိထားသည့် WBO ဝယ်လ်တာဝိတ်တန်း ချန်ပီယံရွှေခါးပတ်ဆုကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ကြောင်း BBC က ဖော်ပြထားသည်။

ကရောဖို့ဒ်သည် ပထမပွဲချီကတည်းကပင် အေမာခန်းကို လက်ရည်အသာစီးဖြင့် ထိုးသတ်သွားနိုင်ခဲ့ပြီး ၎င်း၏လက်သီးချက်များကြောင့် အေမာခန်းမှာ ယင်းပထမပွဲချီကတည်းက ကြိုးဝိုင်းကြမ်းပြင်ထက်သို့ လဲကျသည်အထိ ဖြစ်ခဲ့ရသည်။

ကရောဖို့ဒ်၏လက်သီးချက်သည် ဆဋ္ဌမမြောက်ပွဲချီသို့အရောက်တွင် အေမာခန်း၏ပေါင်ခြံကို ထိမှန်ခဲ့ပြီး ယင်းလက်သီးချက်မှာ ပြစ်ဒဏ်ကျူးလွန်ရာရောက်သည့်အတွက် ရုပ်သံအနှေးပြကွက်များ ကြည့်ရှု၍ ကရောဖို့ဒ်ကို အရေးယူပေးပါရန် ပရိသတ်များက အော်ဟစ်တောင်းဆိုခဲ့သော်လည်း တာဝန်ရှိသူများက လျစ်လျူရှုလိုက်ခြင်းကြောင့် အေမာခန်းအတွက် နစ်နာခဲ့ရသည်။

ကြိုးဝိုင်းဒိုင်လူကြီးသည် ဆဋ္ဌမမြောက်ပွဲချီ၏ပွဲချိန် ၄၇ စက္ကန့်သို့အရောက်တွင် အေမာခန်းမှာ ပွဲဆက်လက် ထိုးသတ်နိုင်ရန် အဆင်မပြေတော့သည့်အတွက် ဒိုင်ပွဲရပ်ဖြင့် ကရောဖို့ဒ်ကို အနိုင်ပေးရန် ဆုံးဖြတ်လိုက်ပြီး ယခုပွဲစဉ်မှာ အေမာခန်းအတွက် ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းမှုအတွင်း ငါးပွဲမြောက် ရှုံးပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီလည်းဖြစ်သည်။

ကရောဖို့ဒ်သည် အေမာခန်းကို အနိုင်ရလိုက်သည့်အတွက် ၎င်း၏ကစားသမားဘဝဖြတ်သန်းမှုအတွင်း ပွဲစဉ်ပေါင်း ၃၅ ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာတွင် ၃၅ ပွဲလုံး အနိုင်ရသည့်စံချိန်ကို ရရှိပိုင်ဆိုင်သွားခဲ့ပြီး ၎င်းတို့နှစ်ဦးအကြားတွင် စိတ်မကျေပွဲ ပြန်ထိုးသတ်ခွင့်ပေးရန် သဘောတူညီချက် မရှိခြင်းကြောင့် အေမာခန်းမှာ ကရောဖို့ဒ်နှင့် ပြန်လည်ထိုးသတ်လိုပါက အချိန်တစ်ခုကြာ စောင့်ဆိုင်းရဖွယ်ရှိနေသည်။