News

POST TYPE

SPORTS

မန်ယူ ချန်ပီယံလိဂ် ဝင်ခွင့်ရ၊ မရကို ဒီဂီယာနှင့် ပေါ့ဂ်ဘာတို့ စောင့်ကြည့်နေကြ၊ ချန်ပီယံလိဂ်ဝင်ခွင့်မရပါက စာချုပ်သစ်အတွက် လုပ်ခလစာမြင့်မားစွာတောင်းဆိုရန် အစီအစဉ်ရှိ
21-Apr-2019

မန်ချက်စတာ၊ ဧပြီ ၂၁

မန်ယူအသင်း၏အဓိကကစားသမားများဖြစ်ကြသော ဂိုးသမား ဒီဂီယာနှင့် ကွင်းလယ်လူ ပေါ့ဂ်ဘာတို့သည် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် ရနိုင်မည်၊ မရနိုင်မည်ကို စောင့်ကြည့်ပြီးမှသာလျှင် အသင်းဘက်က ကမ်းလှမ်းထားသောစာချုပ်သစ်ကို လက်ခံမည်၊ လက်မခံမည် ဆုံးဖြတ်ကြလိမ့်မည်ဖြစ်ပြီး အကယ်၍ မန်ယူအနေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် ဆုံးရှုံးခဲ့မည်ဆိုပါက စာချုပ်သစ်နှင့်ပတ်သက်၍ လုပ်ခလစာအကျိုးခံစားခွင့်ကို မြင့်မားစွာတောင်းဆိုရန် ယင်းကစားသမားနှစ်ဦးလုံးက စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

မန်ယူသည် လက်ကျန်ပွဲစဉ်များတွင် မန်စီးတီး၊ ချယ်လ်ဆီးစသည့်အသင်းများနှင့် ရင်ဆိုင်ရလိမ့်ဦးမည်ဖြစ်၍ ပွဲစဉ်ကျပ်တည်းနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့်တစ်နေရာစာရနိုင်ရေးအတွက် လက်ကျန်ပွဲများအားလုံးကို ဆုဖလားဗိုလ်လုပွဲများသဖွယ် ရေကုန်ရေခမ်း ကစားကာ အမှတ်ပြည့်ရယူနိုင်မှသာ ဖြစ်တော့မည်ဟုလည်း ဆိုးလ်ရှားက မှတ်ချက်ပေးသွားခဲ့သည်။

မန်ယူသည် လက်ရှိတွင် ဒီဂီယာကို တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်း၊ ပေါ့ဂ်ဘာကို တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းနှစ်သောင်း ပေးချေထားရပြီး ဒီဂီယာကို စာချုပ်သစ်အတွက် တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲ၊ ပေါ့ဂ်ဘာကို စာချုပ်သစ်အတွက် တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းရှစ်သောင်း ပေးချေမည်ဟု မန်ယူက ကမ်းလှမ်းထားသည်။

ဒီဂီယာသည် မန်ယူအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့်နှင့်လွဲချော်ခဲ့မည်ဆိုပါက ၎င်းကို အသင်းပြောင်းခွင့်မပေးဘဲ စာချုပ်သစ်ချုပ်ဆိုလိုပါက တစ်ပတ်လုပ်ခ ပေါင်လေးသိန်းခွဲ ပေးချေရန် လိုအပ်လိမ့်မည်ဟု တောင်းဆိုဖွယ်ရှိနေပြီး ပေါ့ဂ်ဘာ၏အေးဂျင့် ရိုင်အိုလာကမူ ၎င်း၏ကစားသမားကို စာချုပ်သစ်အတွက် တစ်ပတ်လုပ်ခကို ပေါင်ငါးသိန်းအထိ တောင်းဆိုရန် တိုက်တွန်းလျက်ရှိသည်။

မန်ယူသည် လက်ရှိတွင် ကစားသမားများကို လုပ်ခလစာပေးချေရခြင်းနှင့်စပ်လျဉ်း၍ ဝန်ထုပ်ဝန်ပိုးသဖွယ် အခြေအနေများကို ရင်ဆိုင်နေရပြီဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့်နှင့် လွဲချော်ခဲ့ရပါက မန်ယူ၏ကဏ္ဍအရပ်ရပ်မှနေ၍ ဝင်ငွေရရှိမှုများမှာလည်း အတိုင်းအတာတစ်ရပ်အထိ လျော့ကျသွားတော့မည်ဖြစ်သည်။