News

POST TYPE

SPORTS

အသင်းကို လာရောက်ကြည့်ရှုအားပေးရန် မဖြစ်နိုင်တော့ကြောင်း အေဘရာမိုဗစ်ခ်ျ ၀န်ခံ၊ ပိုင်ရှင်အပြောင်းအလဲဖြစ်မည်ကို ချယ်လ်ဆီးပရိသတ်များ စိုးရိမ်
04-Apr-2019


လန်ဒန်၊ ဧပြီ ၎

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျသည် ၎င်းအနေနှင့် အသင်းပိုင် စတမ်းဖို့ဒ်ဘရစ်ခ်ျဘောလုံးကွင်းသို့ လာရောက်၍ အသင်း၏ပွဲစဉ်များကို အားပေးကြည့်ရှုရန် မဖြစ်နိုင်တော့ကြောင်း ထုတ်ဖော်ဝန်ခံလိုက်ပြီဖြစ်ပြီး လက်ရှိအခြေအနေများအရ အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်သွားမည်ကို ချယ်လ်ဆီးပရိသတ်များက စိုးရိမ်ပူပန်နေကြပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

အေဘရာမိုဗစ်ခ်ျသည် ၂၀၁၁ ခုနှစ်ကစ၍ ဒါရိုက်တာဘုတ်အဖွဲ့ပွဲကြည့်စင်တွင် တစ်နှစ်လျှင် ပေါင်သုံးသန်း အကုန်အကျခံ၍ ထိုင်ခုံနေရာများဝယ်ယူကာ အသင်းကို ၎င်း၏မိသားစုဝင်များ၊ အပေါင်းအသင်းများနှင့်အတူ နှစ်စဉ် လာရောက်အားပေးကြည့်ရှုခဲ့သူဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီတွင် အေဘရာမိုဗစ်ခ်ျက ယင်းလက်မှတ်များကို ၀ယ်ယူခြင်းမရှိတော့ကြောင်း ချယ်လ်ဆီးအသင်းက သတင်းထုတ်ပြန်ထားပြီလည်းဖြစ်သည်။

ဗြိတိန်တွင် ရုရှားလူမျိုးဆန်းကျင်ရေးလှုပ်ရှားမှု အရှိန်မြင့်တက်လာခဲ့ပြီးသည့်နောက်တွင် အင်္ဂလန်လူဝင်မှုကြီးကြပ်ရေးဌာနက အေဘရာမိုဗစ်ခ်ျ၏ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားမှုများကို ငြင်းဆန်ပယ်ချပစ်ခဲ့ပြီး လက်ရှိတွင် ဗြိတိန်ရဲတပ်ဖွဲ့က ၎င်း၏ပိုင်ဆိုင်မှုများကို စစ်ဆေးရန် ပြင်ဆင်လာသည့်အတွက် အေဘရာမိုဗစ်ခ်ျက ဗြိတိန်သို့လာရောက်ရန်အတွေးကို စွန့်လွှတ်ပစ်လိုက်ပြီလည်းဖြစ်သည်။

အေဘရာမိုဗစ်ခ်ျသည် လက်ရှိတွင် အသင်းဒါရိုက်တာ ဂရာနော့ဗ်စကီးယားနှင့်ချိတ်ဆက်၍ ချယ်လ်ဆီးအတွက် လိုအပ်သည်များကို ပံ့ပိုးစီမံပေးလျက်ရှိပြီး သတင်းရင်းမြစ်အချို့ကမူ ဂရာနော့ဗ်စကီးမှာ အေဘရာမိုဗစ်ခ်ျ၏ညွှန်ကြားချက်အရ အသင်းကို လက်လွှဲရောင်းချရန်အတွက် ၀ယ်လက်ရှာဖွေနေပြီဟုလည်း ရေးသားလျက်ရှိသည်။

ချယ်လ်ဆီးပရိသတ်များသည် ပိုင်ရှင်အပြောင်းအလဲဖြစ်သွားခဲ့ပါက ပိုင်ရှင်သစ်မှာ အေဘရာမိုဗစ်ခ်ျကဲ့သို့ အသင်းအတွက် အလေးထား၍ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မပေးတော့မည်ကို စိုးရိမ်ပူပန်နေပြီး လက်ရှိတွင် ဗြိတိန်နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော ဂျိမ်းစ်ရတ်ကလစ်ဖ်က ချယ်လ်ဆီးကို ၀ယ်ယူရန် ကမ်းလှမ်းမှုများရှိနေသော်လည်း အေဘရာမိုဗစ်ခ်ျကမူ တန်ကြေးပမာဏ ပေါင် ၂ ဒသမ ၅ ဘီလီယံဝန်းကျင် ရရှိမှသာ အသင်းကို လက်လွှတ်ပေးနိုင်မည်ဟု ဈေးတင်းခံမှုများရှိနေသည်။