News

POST TYPE

SPORTS

စာချုပ်သစ်မချုပ်ပါက ဒီဂီယာကို အသင်းပြောင်းခွင့်ပေးလိုက်မည်၊ အသင်းထက် ပို၍ကြီးကျယ်သူ မရှိဟု ဆိုးလ်ရှား ပြောကြား
04-Apr-2019

မန်ချက်စတာ၊ ဧပြီ ၄

မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် ဂိုးသမား ဒီဂီယာကို အသင်းနှင့်စာချုပ်သစ်လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါက လာမည့်နွေဈေးကွက်တွင် အသင်းပြောင်းခွင့်ပေးအပ်လိုက်ရန် စီစဉ်ထားပြီဖြစ်ပြီး ကစားသမားတစ်ဦး၏ကိုယ်ပိုင်အကျိုးနှင့် အသင်းအကျိုး နှိုင်းယှဉ်လာပါက အသင်းအကျိုးကိုသာ ဦးစားပေးရလိမ့်မည်ဟု နည်းပြ ဆိုးလ်ရှားကလည်း ထုတ်ဖော်ပြောကြားထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်ယူသည် ဒီဂီယာ၏နှင့်ချုပ်ဆိုထားသည့် လက်ရှိစာချုပ်တွင်ပါရှိသော ကစားသမား၏စွမ်းဆောင်ရည်ကို နှစ်ခြိုက်သဘောကျပါက စာချုပ်သက်တမ်းကို အသင်းဘက်က အလိုအလျောက် တစ်နှစ်သက်တမ်းထပ်တိုးနိုင်သည်ဟူသောအချက်ဖြင့် ၎င်းကို အသင်းထံတွင် ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်ပြီး လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ဒီဂီယာထံမှနေ၍ တိကျသောအဖြေတစ်ခုကို ရရှိနိုင်ရန် ၎င်းတို့အနေနနှင့် မျှော်လင့်ထားကြောင်းလည်း ဆိုးလ်ရှားက အသိပေးသွားခဲ့သည်။

မန်ယူသည် ဒီဂီယာကို တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင်သုံးသိန်းခွဲဖြင့် ငါးနှစ်သက်တမ်းစာချုပ်သစ် လက်မှတ်ရေးထိုးရန် စီစဉ်နေခြင်းဖြစ်ပြီး အစောပိုင်း၌ ဒီဂီယာမှာ ယင်းစာချုပ်သစ်ကို လက်ခံရန် လွန်စွာနီးစပ်သောအနေအထားသို့ ရောက်ရှိခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်က ဇီဒန်းကို အသင်းနည်းပြအဖြစ် တစ်ကျော့ပြန်လည် ခန့်အပ်လိုက်အပြီးတွင် မန်ယူနှင့် စာချုပ်သစ်ကိစ္စ ဆွေးနွေးနေမှုများကို ဒိဂီယာက ရပ်ဆိုင်းပစ်လိုက်ခြင်းဖြစ်သည်။

ဇီဒန်းသည် လာမည့်နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် အခွင့်ရမည်ဆိုပါက အသင်းဂိုးသမားနေရာအတွက် ဒီဂီယာကို ခေါ်ယူနိုင်ရန် ပြန်လည်ကြိုးပမ်းသွားမည်ဟု အတိအလင်း ပြောကြားထားပြီး ၎င်းသဘောကျနှစ်ခြိုက်ခြင်းမရှိသော ဂိုးသမား ကော်တွာနှင့် အလဲအထပ်ပြု၍ ဒီဂီယာကိုခေါ်ယူနိုင်ရန် ဇီဒန်းက ရည်မှန်းလျက်ရှိသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် နည်းပြ ဆိုးလ်ရှားက “ဒီဂီယာဟာ ထိပ်တန်းဂိုးသမားတစ်ယောက်ပါ။ သူ့ကို အသင်းမှာပဲ ဆက်ရှိနေစေချင်ပါတယ်။ ဒါပေမဲ့ သူ့ဘက်ကနေပြီး စာချုပ်သစ်ကို လက်မခံခဲ့ရင်တော့ ကျွန်တော်တို့ တစ်မျိုးပြောင်းပြီး စဉ်းစားရတော့မှာပါ။ အသင်းထက်ပိုပြီး ကြီးကျယ်တဲ့ကစားသမားဆိုတာ မရှိပါဘူး။ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပေးလိုက်ရမယ်ဆိုရင် ကျွန်တော်တို့အတွက် နစ်နာမှု ကြီးမားသွားပါလိမ့်မယ်။ ဒီတော့ အဖြစ်သင့်ဆုံးဆိုတဲ့ နည်းလမ်းတစ်ခုကို ရွေးချယ်ပြီး အကောင်းဆုံးစီမံခန့်ခွဲမှုတွေ ဆောင်ရွက်သွားဖို့ပဲ ကျွန်တော် ဆုံးဖြတ်ထားပါတယ်”ဟု အသိပေးသွားခဲ့သည်။