News

POST TYPE

SPORTS

ဒါဘီ၏စံချိန်ကို အမီလိုက်၍ တန်းဆင်းရသည့်အခြေအနေကို ဟတ်ဒါးစဖီးလ် ရင်ဆိုင်ရနိုင်
28-Mar-2019


လန်ဒန်၊ မတ် ၂၈

ဟတ်ဒါးစဖီးလ်သည် ယခုသီတင်းပတ်တွင် ချန်ပီယံရှစ်သို့ တန်းဆင်းသွားရနိုင်သည့်အခြေအနေရှိနေပြီး ယင်းကဲ့သို့ ဟတ်ဒါးစဖီးလ်အတွက် တန်းဆင်းသွားခဲ့ရမည်ဆိုပါက ဒါဘီအသင်း တန်းဆင်းခဲ့ရစဉ်က စံချိန်ဆိုးတစ်ရပ်ကိုလည်း ထပ်တူရရှိ ပိုင်ဆိုင်သွားလိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဒါဘီအသင်းသည် လွန်ခဲ့သည့် ၂၀၀၇-၁၈ ဘောလုံးရာသီတွင် ပွဲစဉ် ၃၂ ပွဲယှဉ်ပြိုင်ကစားပြီးချိန်၌ ပရီးမီးယားလိဂ်မှနေ၍ ချန်ပီယံရှစ်သို့ တန်းဆင်းကစားရမည်ဟု အဖြေထွက်ပေါ်သွားခဲ့ပြီး လက်ရှိတွင် ဟတ်ဒါးစဖီးလ်မှာလည်း ယင်းကဲ့သို့သော အခြေအနေဆိုးများနှင့်ရင်ဆိုင်ရရန် လွန်စွာနီးစပ်နေပြီဖြစ်သည်။

ဟတ်ဒါးစဖီးလ်သည် ယခုသီတင်းပတ်တွင် ခရစ္စတယ်ပဲလေ့စ်ကို အရေးနိမ့်ပြီး အခြားတစ်ဖက်တွင် ဘန်လေနှင့် ဆောက်သမ်တန်တို့ အနိုင်ရသွားခဲ့မည်ဆိုပါက တန်းဆင်းသွားရတော့မည်ဖြစ်ပြီး ယင်းကဲ့သို့ဖြစ်လာခဲ့မည်ဆိုပါက ဟတ်ဒါးစဖီးလ်မှာ မတ်လမကုန်ဆုံးမီတွင် ပရီးမီးယားလိဂ်မှနေ၍ ချန်ပီယံရှစ်သို့ တန်းဆင်းသွားရသည့် ဒုတိယမြောက်အသင်းဖြစ်သွားတော့မည်လည်းဖြစ်သည်။

နည်းပြ ဂျန်ဆိုင်းဝပ် ဦးဆောင်နေသည့် ဟတ်ဒါးစဖီးလ်အသင်းသည် လက်ရှိဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၌ ရှုံးပွဲအရေအတွက် ၂၃ ပွဲ ရှိသွားခဲ့ပြီဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၁၇ နေရာတွင် ရပ်တည်နေသော ဘန်လေနှင့် ဟတ်ဒါးစဖီးလ်တို့အကြား၌ ရမှတ် ၁၆ မှတ်အထိ ကွာဟနေခြင်းကြောင့် ဟတ်ဒါးစဖီးလ်မှာ တန်းဆင်းရရန် သေချာလုနီးပါး ရှိနေပြီဖြစ်သည်။


  • VIA