News

POST TYPE

SPORTS

ဆိုးလ်ရှားကို မန်ယူအမြဲတမ်းနည်းပြအဖြစ် သုံးနှစ်သက်တမ်းစာချုပ်ဖြင့် ခန့်အပ်
28-Mar-2019

မန်ချက်စတာ၊ မတ် ၂၈

မန်ယူအသင်းတာဝန်ရှိသူများသည် ယာယီနည်းပြ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် သုံးနှစ်သက်တမ်းစာချုပ်ဖြင့် တရားဝင်ခန့်အပ် တာဝန်ပေးလိုက်ပြီဖြစ်ပြီး မန်ယူနည်းပြရာထူးမှာ ၎င်းလုပ်ကိုင်ခွင့်ရရန် အမြဲပင် အိပ်မက်မက်ခဲ့ရသော အလုပ်တစ်ခုဖြစ်သည်ဟု ဆိုးလ်ရှားက ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်ယူအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်သည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ၌ နည်းပြ မော်ရင်ညိုကို ရာထူးထုတ်ပယ်လိုက်အပြီးတွင် ဆိုးလ်ရှားကို နော်ဝေကလပ် မိုလ်ဒီထံမှနေ၍ အငှားခေါ်ယူကာ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး ဆိုးလ်ရှားလက်ထက်တွင် မန်ယူမှာ ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ်ပေါင်း ၁၉ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ၌ ၁၄ ပွဲအထိ အနိုင်ရရှိခဲ့ပြီးဖြစ်သည်။

ဆိုးလ်ရှားနှင့် မိုလ်ဒီအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လွန်ခဲ့သည့်သီတင်းပတ်အနည်းငယ်ခန့်က စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီဖြစ်၍ ၎င်းကို မန်ယူက မည်သည့်လျော်ကြေးမျှ မပေးချေရဘဲ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သော်လည်း မန်ယူအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်ကမူ မိုလ်ဒီကို ကျေးဇူးသိတတ်ကြေးအဖြစ် ပေါင်ခြောက်သန်း ပေးသွားမည်ဟု ထုတ်ဖော်ပြောကြားထားပြီဖြစ်သည်။

မန်ယူကစားသမားများနှင့် မန်ယူအသင်းဝန်ထမ်းများသည် ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုက်ခြင်းအား ဝမ်းပန်းတသာ ကြိုဆိုသွားခဲ့ပြီး မော်ရင်ညိုလက်ထက်က ပုံစံကောင်းရရှိရန် ရုန်းကန်ခဲ့သော ရတ်ရှ်ဖို့ဒ်၊ ပေါ့ဂ်ဘာနှင့် မာတီရယ်လ်တို့ကို အသင်းအတွက် အရေးပါသော ကစားသမားများဖြစ်လာစေရန် ပုံသွင်းနိုင်ခဲ့ခြင်းမှာ ဆိုးလ်ရှား၏ထူးချွန်သောပါရမီတစ်ရပ်ပင်ဖြစ်ကြောင်း သတင်းမီဒီယာများက သုံးသပ်ထားကြသည်။



  • VIA