News

POST TYPE

SPORTS

အောင်လအန်ဆန်း၏ ရွှေခါးပတ်ကာကွယ်ပွဲ MNTV ရုပ်သံလိုင်းတွင် တိုက်ရိုက်ပြမည်
28-Mar-2019
ရန်ကုန်၊ မတ် ၂၇ 

ဂျပန်လက်ဝှေ့သမားနှင့် ရွှေခါးပတ် ကာကွယ်ပွဲအဖြစ် ဒုတိယအကြိမ် ထိုးသတ်မည့်ပွဲကို အခမဲ့ရုပ်သံလိုင်းဖြစ်သည့် MNTV ရုပ်သံလိုင်းကပါ တိုက်ရိုက်ပြသမည်ဖြစ်သည်။ 

ယင်းပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ မတ်လ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်းမှာ မစ်ဒယ်ဝိတ်တန်းရွှေခါးပတ်ချန်ပီယံဆုကို ပြိုင်ဘက်ဟောင်း ဟာဆဲဂါဝါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ 

အဆိုပါပွဲစဉ်ကို အခပေးရုပ်သံလိုင်း ဖြစ်သည့် SKY NET Sports နှင့် အခမဲ့ရုပ်သံလိုင်းဖြစ်သည့် MNTV ရုပ်သံလိုင်းတို့တွင် တိုက်ရိုက်ပြသမည်ဖြစ်ကြောင်း ယင်းရုပ်သံလိုင်းများက ထုတ်ပြန်လိုက်သည်။ 

ယင်းပြိုင်ပွဲတွင် အောင်လအန်ဆန်း၏ ရွှေခါးပတ် ကာကွယ်ပွဲအပြင် အခြားရွှေခါးပတ်ဆုရှင်များ၏ ရွှေခါးပတ် ကာကွယ်ပွဲများလည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေလေးနာရီမှ စတင်ကာ အဆိုပါ ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သည်။ 

ယင်းပွဲမှာ ဂျပန်နိုင်ငံတွင် ထိုးသတ်ရမည်ဖြစ်သည့်အပြင် ဂျပန်နိုင်ငံမှ နံပါတ်တစ် တိုက်ခိုက်ရေးသမားဖြစ်သူ ဟာဆဲဂါဝါနှင့် ထိုးသတ်ရမည် ဖြစ်သော်လည်း ပြည်ပတွင် ပွဲများစွာထိုးသတ်ခဲ့ဖူးသည့် အတွေ့အကြုံများစွာရှိသည့်အတွက် အခက်အခဲရှိမည်မဟုတ်ဘဲ ဂျပန်ရောက် မြန်မာပရိသတ်များ လာရောက် အားပေးစေလိုကြောင်း အောင်လအန်ဆန်းက ပြောကြားထားသည်။ 

ဟာဆဲဂါဝါနှင့် အောင်လအန်ဆန်းတို့သည် ၂၀၁၈ ခုနှစ်အတွင်းက မြန်မာနိုင်ငံတွင် ထိုးသတ်ခဲ့ဖူးပြီး ယင်းပွဲတွင် ပွဲချီငါးချီပြည့်သည့်အထိ အကြိတ်အနယ် ထိုးသတ်ခဲ့ကြကာ အောင်လအန်ဆန်းက အမှတ်ဖြင့် မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည့်အပြင် ယင်းပွဲမှာ ၂၀၁၈ ခုနှစ်အတွက် MMA အကောင်းဆုံးပွဲဆုကို ရယူနိုင်ခဲ့သည်။

J-04



  • VIA