News

POST TYPE

SPORTS

အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနအတွက် ရန်ပုံငွေရှာဖွေပေးရန် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်နှင့်အတူ ဖာဂူဆန် ညစာစားမည်
27-Mar-2019


မန်ချက်စတာ၊ မတ် ၂၇

မန်ယူနည်းပြ ဖာဂူဆန်သည် ဗြိတိန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနအတွက် ရန်ပုံငွေရှာဖွေပေးရန် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်နှင့်အတူ ညစာစားမည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ဖာဂူဆန်သည် ယမန်နှစ်က ၎င်းကို အရေးပေါ်ဦးနှောက်ခွဲစိတ်မှု ဆောင်ရွက်ပေးခဲ့သည့် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနကို ရန်ပုံငွေ ပေါင်လေးသိန်းကျော် ရှာဖွေပေးရန် ရည်ရွယ်ချက်ဖြင့် ယခုညစာစားပွဲကို ကျင်းပလိုက်ခြင်းဖြစ်ကာ ညစာစားပွဲအခမ်းအနားကို ဖာဂူဆန်၊ ဂျာဂင်ကလော့ပ်တို့နှင့်အတူ အကျော်အမော်များစွာ တက်ရောက်လိမ့်မည်ဖြစ်ကြောင်း၊ ညစာစားပွဲကို မနက်ဖြန်(သောကြာနေ့)တွင် မန်ချက်စတာမြို့ရှိ မန်ချက်စတာ ဟီလ်တန်ဟိုတယ်၌ ကျင်းပလိမ့်မည်ဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

မန်ယူနှင့် လီဗာပူးတို့သည် ပရီးမီးယားလိဂ်တွင် အခါးသီးဆုံးသောပြိုင်ဘက်များဖြစ်ကြပြီး ယခုညစာစားပွဲသို့ တက်ရောက်ရန်အတွက် ဧည့်ပရိသတ်ပေါင်း တစ်ရာကျော် စာရင်းပေးကာ လက်မှတ်များ ၀ယ်ယူထားပြီဖြစ်ကြောင်း အခမ်းအနားစီစဉ်သူများက အသိပေးထားသည်။

ဖာဂူဆန်နှင့် ဂျာဂင်ကလော့ပ်တို့ အတူတကွ ညစာစားကြမည့် ယင်းအခမ်းအနားတွင် လေလံပွဲတစ်ခုကိုလည်း ထည့်သွင်းကျင်းပရန် စီစဉ်ထားပြီး ဘရန့်ဖို့ဒ်အသင်းပိုင်ရှင် ဖရက်ဒ်ဒန်းမှာ ယင်းညစာစားပွဲအတွက် အလှူငွေ ပေါင်တစ်သိန်း ထည့်ဝင်သွားခဲ့သည်။

ဖာဂူဆန်သည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း၌ ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် ရက်အတန်ကြာ သတိလစ်မေ့မျောနေခဲ့ပြီး ၎င်းကို အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက အရေးပေါ်ခွဲစိတ်ကုသမှု ဆောင်ရွက်၍ လေးရက်ခန့် မရပ်မနား ဂရုတစိုက် စောင့်ရှောက်ခဲ့၍သာ ယခုကဲ့သို့ ပြန်လည်ကျန်းမာလာခဲ့ခြင်းဖြစ်ကြောင်း ဖာဂူဆန်က ပြောကြားထားသည်။