News

POST TYPE

SPORTS

ထိပ်တန်းအဆင့်ခံစစ်မှူးတစ်ဦးခေါ်ယူပေးရုံမျှဖြင့် အသင်းခံစစ်ကို ဆိုးလ်ရှား ပြန်လည်ပြုပြင်နိုင်လိမ့်မည်ဟု မန်ယူတာဝန်ရှိသူများ ယုံကြည်
27-Mar-2019


မန်ချက်စတာ၊ မတ် ၂၇

မန်ယူအသင်းတာဝန်ရှိသူများသည် နည်းပြဆိုးလ်ရှားကို ထိပ်တန်းအဆင့်ခံစစ်မှူးတစ်ဦးခေါ်ယူပေးရုံမျှဖြင့် အသင်းခံစစ်၏အားနည်းချက်များကို ပြန်လည်ပြုပြင်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြပြီး ခေါ်ယူမည့်ကစားသမားမှာ ဗဟိုခံစစ်နေရာတွင်ကစားသူ ဖြစ်လိမ့်မည်ဟု မန်ယူအသင်းတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားကြောင်း Daily Star က ဖော်ပြထားသည်။

မန်ယူသည် လာမည့်ရက်အနည်းငယ်အတွင်း၌ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်တော့မည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်း၏လက်ထက်တွင် မန်ယူ၏ခံစစ်စွမ်းဆောင်ရည်မှာ အံ့သြသင့်ဖွယ်ရာ မြင့်တက်လာခဲ့ကြောင်း စစ်တမ်းများက ညွှန်းဆိုထားသည်။

မန်ယူဒါရိုက်တာဘုတ်အဖွဲ့သည် ခံစစ်မှူးသစ်တစ်ဦးခေါ်ယူရန်အတွက် ဆိုးလ်ရှားကိုပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၅၀ နှင့်အထက် အသုံးပြုခွင့်ပေးရန်သာ စီစဉ်ထားပြီး မန်ယူ၏ပစ်မှတ်စာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိနေသူမှာ စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်ဖြစ်သည်။

မန်ယူသည် ညာနောက်ခံ၊ ကွင်းလယ်ဗဟိုနှင့် တိုက်စစ်တို့ကိုလည်း အားဖြည့်ရန် စီစဉ်နေပြီး မန်ယူအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ဂယ်ရီနဗီးလ်ကမူ အသင်းအနေနှင့် ပေါင်သန်း ၂၅၀ ခန့်အကုန်အကျခံ၍ အသင်းကို အကြီးစားပြုပြင်ပြောင်းလဲရေးတစ်ရပ် ဆောင်ရွက်ရန် ကြိုးပမ်းသင့်သည်ဟု တိုက်တွန်းထားသည်။

မန်ယူသည် နည်းပြမော်ရင်ညိုလက်ထက်၌ ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲယှဉ်ပြိုင်ခဲ့ရာတွင် ဂိုးမပေးရသောပွဲစဉ် နှစ်ပွဲသာရှိခဲ့ပြီး တစ်ပွဲပျမ်းမျှ ပေးဂိုးနှုန်း ၁ ဒသမ ၇ ဂိုးအထိ ရှိခဲ့ကာ ဆိုးလ်ရှားလက်ထက်တွင်မူ မန်ယူမှာ ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း ၁၃ ပွဲ ယှဉ်ပြိုင်ပြီးချိန်တွင် တစ်ပွဲပျမ်းမျှ ပေးဂိုးနှုန်း ၀ ဒသမ ၈ ဂိုးသာရှိပြီး ဂိုးမပေးရသော ပွဲစဉ်ပေါင်း ငါးပွဲရှိထားပြီဖြစ်သည်။