News

POST TYPE

SPORTS

အပြောင်းအရွှေ့အတွက် ဟားဇတ်နှင့် ရီးရဲလ်မက်ဒရစ်တို့ သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းထွက်
24-Mar-2019


မက်ဒရစ်၊ မတ် ၂၄

ရီးရဲလ်မက်ဒရစ်အသင်းသည် ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကိုခေါ်ယူရန်အတွက် အကြိုသဘောတူညီမှုများ ရယူထားပြီဖြစ်ပြီး အသင်းနှစ်သင်းအကြားတွင် ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်ပြေခဲ့မည်ဆိုပါက လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဟားဇတ်အပြောင်းအရွှေ့ဖြစ်ပေါ်လာတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ဟားဇတ်သည် ချယ်လ်ဆီးအသင်းဘက်က ကမ်းလှမ်းထားသောစာချုပ်သစ်ကို လက်ခံလိုက်မည်ဆိုပါက တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်အဖြစ် ပေါင်သုံးသိန်းခွဲအထိ ရရှိနိုင်မည်ဖြစ်သော်လည်း နည်းပြ ဇီဒန်းလက်အောက်တွင် ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးလိုသောကြောင့် တစ်ပတ်လုပ်ခ ပေါင် ၂၇၀,၀၀၀ ဖြင့် ငါးနှစ်သက်တမ်းစာချုပ်တစ်ရပ် ရီးရဲလ်မက်ဒရစ်ဘက်က ကမ်းလှမ်းသည်ကို လက်ခံထားပြီးဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ဟားဇတ်သည် နည်းပြ ဇီဒန်းနှင့် ဖုန်းအဆက်အသွယ် တိုက်ရိုက်ရရှိခဲ့အပြီးတွင် ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ကစားမည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ဖွယ်ရှိပြီး ဇီဒန်းမှာ ၎င်းငယ်စဉ်ကတည်းကပင် လေးစားအားကျခဲ့ရသော ကစားသမားကြီးဖြစ်ကြောင်းလည်း ဟားဇတ်က ထုတ်ဖော်ဝန်ခံထားပြီးဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဟားဇတ်နှင့် ချယ်လ်ဆီးအသင်းတို့အကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းအားဖြင့် တစ်နှစ်တည်းသာ ကျန်ရှိတော့မည်ဖြစ်ကာ  ချယ်လ်ဆီးအသင်းတာဝန်ရှိသူများမှာ ဖီဖာက ချယ်လ်ဆီးကို ကစားသမားသစ် မှတ်ပုံတင်ခွင့် အပြောင်းအရွှေ့ဈေးကွက်နှစ်ခုစာ ပိတ်ပင်ထားခြင်းကြောင့် အမာခံကစားသမားအားလုံးကို အသင်းထံတွင် ဆက်လက်ထိန်းသိမ်းထားခွင့်ရနိုင်ရန်သာ လိုလားလျက်ရှိသည်။

ချယ်လ်ဆီးသည် ဟားဇတ်ကို မလွှဲမရှောင်သာ လက်လွှတ်ရတော့မည့်အခြေအနေများဖြစ်ပေါ်လာခဲ့ပါက ပြောင်းရွှေ့ကြေးပမာဏကို ပေါင်သန်း ၁၀၀ တောင်းဆိုဖွယ်ရှိနေပြီး ရီးရဲလ်မက်ဒရစ်ဘက်ကမူ ချယ်လ်ဆီးနှင့် ဟားဇတ်အကြားရှိ လက်ကျန်စာချုပ်သက်တမ်း တစ်နှစ်အပေါ်တွင်မူတည်၍ ပြောင်းရွှေ့ကြေးကို ပေါင် ၆၈ ဒသမ ၅ သန်းသာ ပေးချေလိုလျက်ရှိသည်။